အနောက်မြောက်တိုင်းစစ်ဌာနချုပ်ကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ ရော့ကက်များဖြင့် ပစ်ခတ်တိုက်ခိုက်

ရုပ်သံအညွှန်း။ ​။ မတ်လ ၅ရက်နေ့တွင် မုံရွာ နမခတိုင်းစစ်ဌာနချုပ်ကို ရော့ကတ်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုမြင်ကွင်း / ရုပ်သံ။ ။ Daung New Generation

ကိုခင်မောင်

(မဇ္စျိမ)။ ။စစ်ကိုင်းတိုင်း၊ မုံရွာမြို့အခြေစိုက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)အတွင်းသို့ ကာကွယ် ရေးပူးပေါင်းတပ်ဖွဲ့က တာဝေးပစ်ရော့ကက်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း Daung New Generation (ဒေါင်းမျိုးဆက် )အဖွဲ့ ထံမှ သိရသည်။

မတ်လ ၅ ရက် ယမန်နေ့ မွန်းလွဲ ၁ နာရီတွင် တာဝေးပစ်ရော့ကက် ၁၁ လုံးဖြင့် နှစ်မိုင်ကျော်အကွာမှ ပစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ပြီး နမခဝန်းအတွင်းကျရောက်ပေါက်ကွဲခဲ့ကြောင်း Daung New Generation အဖွဲ့မှ ဗိုလ်မုတ်ဆိတ်က မဇ္စျိမသို့ပြောသည်။

“ပစ်ခတ်မှုက နမခတိုင်းရုံးထဲကို ခုနစ်လုံးကျတယ်၊ ထောက်ပို့တပ်ထဲကို လေးလုံးကျတယ်။ အကုန်လုံး ကွဲတယ်ဗျ။ တိုင်းရုံးထဲမှာ မီးလောင်မှုဖြစ်တယ်လို့ ကြားရတယ်။ အတွင်းသတင်းအရ ပြန်သိရတာပါ။ တိုက်ခိုက်မှုကိုတော့ ကျွန်တော်တပ်ပေါင်းစု ငါးဖွဲ့ကပစ်ခတ်တာပါ” ဟု ဗိုလ်မုတ်ဆိတ်က ဆိုသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ရော့ကက်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီးနောက် အနောက်မြောက်တိုင်း စစ်ဌာနချုပ်(နမခ)ဝန်းထဲမှ စစ်ကောင်စီတပ်များက ၈၀ မမ လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု ဗိုလ်မုတ်ဆိတ်ထံမှ သိရသည်။

စစ်ကောင်စီတပ်မှ ပြန်လည်ပစ်ခတ်သောလက်နက်ကြီးသည် မုံရွာမြို့နယ်၊ ဇီးတောကျေးရွာဝန်းကျင်တွင် ကျရောက်ပေါက်ကွဲပြီး လယ်တောအတွင်းရှိ တဲအချို့ထိခိုက်ပျက်စီးသွားကြောင်းလည်း ဆိုသည်။

“အထိအခိုက် ပျက်စီးဆုံးရှုံးမှုကတော့ အထဲကလူလည်း အပြင်မထွက်ရဘူး အပြင်ကလူလည်း အထဲကို မဝင်ရဘူးဆိုပြီး ပိတ်ဆို့ထားလို့ ဘာမှမသိရသေးဘူး။ လောလောဆယ်တော့ ကားတွေ၊ ခြေလျင်တွေနဲ့ နမခ အနီးတဝိုက်ကို အကုန်လုံးတပ်ဖြန့်ထားတယ်” ဟု ဗိုလ်မုတ်ဆိတ်က ဆက်ပြောသည်။

ပြီးခဲ့သော ဖေဖော်ဝါရီလ ၁၃ ရက်နေ့ကလည်း အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ဝန်းထဲသို့ Daung New Generation အဖွဲ့နှင့် ပူးပေါင်းတပ်ဖွဲ့များက တာဝေးပစ်ရှော့တိုက်ဒုံးများဖြင့် ပစ်ခတ်တိုက် ခိုက်ခဲ့သေးသည်။

စာတည်း။ ။စောဖေ