ခက်ခဲသော ပြဿနာများအတွက် တရုတ်တွင် စိတ်ကူးယဉ်ဖြေရှင်းနည်းများ မရှိတော့ကြောင်း ယေးလ် တက္ကသိုလ် မှ စတီဗင်ရော့ချ်ပြော

၁၄ ကြိမ်မြောက် တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ၏ ဒုတိယအစည်းအဝေးကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ ၂၀၂၄ မတ် ၄ တွင် ကျင်းပမည်ဖြစ်ရာ ပြည်သူ့ခန်းမဆောင်ကြီးတွင် တရုတ်အလံများ လွှင့်ထူထားသည်။ (Photo by VCG/VCG via Getty Images)

CNBC

တရုတ်သည် ၎င်း၏ “တတိယစုံညီအစည်းအဝေး” ကို ၂၀၂၃ နှောင်းပိုင်းတွင် ကျင်းပနိုင်ခြင်း မရှိခဲ့ဘဲ အဆိုပါ စုံညီအစည်းအဝေးအတွက် ရက်အတိအကျမသတ်မှတ်ရသေးပေ။

၎င်းသည် တိုင်းပြည်ရင်ဆိုင်နေရသော စိန်ခေါ်မှုများ အတွက် အဖြေရှာရန် ရုန်းကန်နေရသည့် လက္ခဏာဖြစ်ကြောင်း Yale Law School မှအကြီးတန်း ပညာရှင် စတီဗင် ရော့ချ် က ဆိုသည်။

တရုတ်သမ္မတ ရှီကျင့်ဖျင်သည် သည် ၎င်း၏ ခေါင်းဆောင်မှုဆိုင်ရာ သဘောထားကို အတည်ပြုရန် ပြုပြင်ပြောင်းလဲမှုများကို ကြေညာရာတွင် စုံညီအစည်းအဝေးများ ပြုလုပ်လေ့ရှိပြီး မူဝါဒများအားလုံးကို အကောင်အထည်ဖော်ခြင်း မရှိသော်လည်း ၎င်းတို့သည် နိုင်ငံ အနာဂတ်အတွက် ထုတ်ပြန်ချက် ဖြစ်ကြောင်း ရောချ့် က CNBC ၏ “Squawk Box Asia” သို့ မတ် ၄ ရက်တွင် ပြောကြားခဲ့သည်။

“ဒီနေ့လိုအချိန်မျိုးမှာ အခွင့်အရေးကို အရယူနိုင်ဖို့ ပျက်ကွက်တာက တကယ်တော့ တရုတ်မှာ ရင်ဆိုင်နေရတဲ့ ပိုလေးနက်တဲ့ စိန်ခေါ်မှုတွေက အစုံရှိနေလို့ပါပဲ။ သူတို့ မှာ ခက်ခဲတဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ စိတ်ကူးယဉ်ဆန်တာတွေ လုပ်လို့မရတော့ဘူးဆိုတာ ကို ညွှန်ပြနေတယ် လို့ ကျွန်တော်ထင်တယ်” ဟု ရော့ချ် က ပြောသည်။

တရုတ်သည် စီးပွားရေး ပြဿနာ များစွာမှ ရုန်းထွက်ရန် ကြိုးစားနေရသည်။ ကမ္ဘာ့ဒုတိယအကြီးဆုံးစီးပွားရေး နိုင်ငံသည် ကိုရိုနာ ဗိုင်းရပ် ကူးစက်ရောဂါပြီးနောက် အရှိန်ပြန်ရရန် ရှုပ်ထွေးနေသော မျှော်လင့်ချက်များစွာဖြင့် ရုန်းကန်နေရသည်။

ယင်းတွင် အပြီးသတ်နိုင်ခြင်း မရှိသော ဆောက်လုပ်ရေးစီမံကိန်းများ နှင့် ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းရှင်များ ရုန်းကန်နေရသော အိမ်ခြံမြေဈေးကွက်လည်း ပါဝင်သည်။ ငွေကြေးဖောင်းပွမှု ဆက်တိုက်ဖြစ်ပေါ်ခြင်းနှင့် နှေးကွေးသော စတော့ရှယ်ယာဈေးကွက်တို့ ကြောင့် တိုးတက်မှုမရှိသည့် စီးပွားရေး အခြေအနေနှင့်အတူ တရုတ်စီးပွားရေးတွင် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအတွက် မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။

တရုတ် သက်ကြီးရွယ်အို လူဦးရေနှင့် ကုန်ထုတ်စွမ်းအားစု ပြဿနာလည်း ပါဝင်နေကြောင်း ရော့ချ် က ဆိုသည်။

“တရုတ်တွင် သက်ကြီးရွယ်အိုလူ့အဖွဲ့အစည်းနှင့် ကုန်ထုတ်စွမ်းအားဆိုင်ရာ ပြဿနာများ ရှိနေပြီး အလုပ်သမားဆုံးရှုံးမှုတွေကို သူတို့ ဘယ်လို ဖြေရှင်းကြမလဲ” ဟု ၎င်း ကဆိုသည်။

“ရှီကျင့်ဖျင် က မော်ဒယ်အသစ်တွေနဲ့ ထုတ်လုပ်မှု အရင်းအမြစ်အသစ်တွေကို ပြောနေတာ။ ဒါပေမယ့် ဒီထက်ပိုပြီး တိကျတဲ့အချက်တခု ပေးနိုင်တဲ့ တတိယအကြိမ် စုံညီအစည်းအဝေး မလုပ်နိုင်တာ ပြဿနာ လို့ ကျွန်တော်ထင်တယ်” ဟု ရော့ချ် က ပြောသည်။

လန်ဒန်ရှိ တရုတ်သံရုံးသည် CNBC ၏ မှတ်ချက်ပေးရန် တောင်းဆိုချက်ကို တုံ့ပြန်ဖြေကြားခြင်းမရှိပေ။

တရုတ်၏ ‘တတိယ စုံညီအစည်းအဝေး’ ဆိုသည်မှာ အဘယ်နည်း။

တရုတ်အာဏာပိုင်များသည် မကြာသေးမီလများအတွင်း နိုင်ငံကို အားကောင်းစေမည့် အစီအမံအချို့ကို ထုတ်ပြန်ကြေညာခဲ့ပြီး အိမ်ခြံမြေ ၅ နှစ် ချေးငွေနှုန်းထားကို ဖြတ်တောက်ခြင်းအပါအဝင် အကောင်အထည်ဖော်မှုများသည် အတိုင်းအတာတစ်ခုအထိ မအောင်မြင်သေးကြောင်း လေ့လာသူများက ပြောကြားခဲ့သည်။

တရုတ်၏ “တတိယ စုံညီအစည်းအဝေး” သည် ပုံမှန်အားဖြင့် လက်ရှိခေါင်းဆောင်များကို အတည်ပြုခြင်း သို့မဟုတ် ခေါင်းဆောင်အသစ်များ တက်လာပြီးနောက် ၁ နှစ်ဝန်းကျင်တွင် ကျင်းပလေ့ရှိပြီး ပါတီအကြီးတန်းအရာရှိများ တက်ရောက်ကြသည်။ ထို့ကြောင့် အစည်းအဝေးကို ၂၀၂၃ နောက်ဆုံး ၃ လပတ်တွင် ကျင်းပရန် မျှော်လင့်ထားသည်။

စုံညီအစည်းအဝေးများသည် တရုတ် နိုင်ငံရေးစနစ်၏ အမှတ်အသားတခုဖြစ်ပြီး ၎င်းတို့အနက် ၇ ခုသည် အမျိုးသားကွန်ဂရက်မှ ရွေးချယ်တင်မြှောက်ထားသည့် အာဏာရဗဟိုကော်မတီ၏ ၅ နှစ် သက်တမ်းကာလအတွင်း ကျင်းပလေ့ရှိသည်။ အစည်းအဝေးတစ်ခုစီတိုင်းသည် သီးခြား အကြောင်းအရာတခုကို ခြုံငုံဆွေးနွေးလေ့ရှိပြီး တတိယ တခုသည် ပုံမှန်အားဖြင့် စီးပွားရေးဆိုင်ရာကိစ္စရပ်များကို အလေးထားဆွေးနွေးသည်။

အစိုးရအတွက် ရှေ့ခရီးအလားအလာနှင့် ဦးစားပေးလုပ်ဆောင်ရမည့် အရာများအကြောင်း ကို လေ့လာသူများက စုံညီအစည်းအဝေးများမှ သဲလွန်စ ရယူလေ့ရှိသည်။ တစ်ခါတရံတွင် စုံညီအစည်းအဝေးများအပြီး ထုတ်ပြန်သည့် ကြေညာချက်များသည် တိကျသေချာသော လုပ်ဆောင်ချက် အစီအစဉ်များ မရှိသဖြင့် မရေရာလွန်းဟု ယူဆကြသည်။

သို့သော် အခြားအချိန်များတွင် လာမည့်နှစ်အတွက် စီးပွားရေး တိုးတက်မှုနှင့် ချဲ့ထွင်မှုကို ဦးတည်သည့် မူဝါဒများ သတ်မှတ်ပေးလေ့ရှိသော စီးပွားရေး အချိုးအကွေ့များအဖြစ် ၎င်းတို့ကို ရှုမြင်ကြသည်။ ယင်းကြောင့် နိုင်ငံ စီးပွားရေး နှေးကွေးနေချိန်အတွင်း ၂၀၂၃ တတိယ စုံညီအစည်းအဝေး နှောင့်နှေးမှုနှင့် ပတ်သက်၍ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အစိုးရမူဝါဒအစီအစဥ်များနှင့် အဓိကကျသော အကြောင်းအရာများ ဆွေးနွေးလေ့ရှိသည့် “နှစ်စဉ်ပါလီမန်အစည်းအဝေး” “Two Sessions” ကို ယခုသီတင်းပတ်တွင် စတင်မည်ဖြစ်သည်။ ရင်းနှီးမြုပ်နှံသူများသည် အစည်းအဝေးများမှ ထွက်လာနိုင်သည့် စီးပွားရေးလှုံ့ဆော်မှုဆိုင်ရာ အချက်ပြမှုများကို အနီးကပ်အာရုံစိုက်နေကြသည်။

ယခင် နိုင်ငံရေး လုပ်ထုံးလုပ်နည်းများနှင့် ကွဲလွဲ၍ ယခုနှစ် ပါလီမန်အစည်းအဝေးတွင် သတင်းစာရှင်းလင်းပွဲ ထည့်သွင်းပြုလုပ်သွားမည် မဟုတ်ကြောင်း ဝန်ကြီးချုပ် လီကျင်း က မတ် ၄ တွင် ပေကျင်း၌ ကြေငြာခဲ့သည်။