စင်္ကာပူနိုင်ငံခြားရေးဌာနမှ ဝမ်းနည်းကြောင်း သဝဏ်လွှာသည် ယခုလက်ရှိ ဒုစစ်ခေါင်းဆောင် စိုးဝင်းအတွက် မဟုတ်

JC

(မဇ္ဈိမ)။ ။ စစ်ကောင်စီ ဒုတိယခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကွယ်လွန်သွားတာကြောင့် စင်္ကာပူနိုင်ငံခြားရေးဌာနမှ ဝမ်းနည်းကြောင်း သဝဏ်လွှာပေးပို့ခဲ့တယ်ဆိုတဲ့သတင်း ပျံ့နှံ့နေပါတယ်။

“MFA ၏ သတင်းထုတ်ပြန်ချက်” ဆိုပြီး မြန်မာနိုင်ငံက ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်သွားတာကြောင့် စင်္ကာပူနိုင်ငံ ဝန်ကြီးချုပ် လီရှန်လွန်း နဲ့ နိုင်ငံခြားရေးဝန်ကြီး George Yeo တို့ကဝမ်းနည်းကြောင်း စာတွေပေးပို့ခဲ့ပြီး ကွယ်လွန်သူ ဗိုလ်ချုပ်စိုးဝင်းရဲ့ နိုင်ငံတော် ဈာပန ကို စင်္ကာပူနိုင်ငံ နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ ဘလာဂျီ ဆာဒါဆီဗန် နဲ့ ကိုယ်စား လှယ်တွေ လိုက်ပါပို့ဆောင်မှာဖြစ်တဲ့အကြောင်း ဒီစာမှာ ရေးသားထားပါတယ်။

ဒီအကြောင်းဟာ ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း မော်လမြိုင်ရောက်ရှိနေစဉ် တိုက်ခိုက်ခံရပြီးနောက်ပိုင်း ဧပြီ ဒုတိယအပတ် ကတည်းက ပျံ့နေခဲ့တာပါ။

အခုချိန်မှာတော့ အင်္ဂလိပ်လိုဖော်ပြထားတဲ့ သတင်းထုတ်ပြန်ချက်ကို မြန်မာလို ဘာသာပြန်ပြီး ပြန်လည်ဖြန့်ဝေနေကြတာပါ။

ဒီထုတ်ပြန်ချက်နဲ့ ပတ်သက်ပြီး မဇ္ဈိမက အချက်အလက် စစ်ဆေးခဲ့တာမှာတော့ အကြောင်းအရာဟောင်းနဲ့ လွဲမှားဖော်ပြထားတာကို တွေ့ရပါတယ်။

နအဖ အစိုးရလက်ထက် ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၂ ရက်နေ့မှာ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်သွားတာကြောင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၀၇ ခုနှစ် အောက်တိုဘာ ၁၃ ရက်နေ့မှာ ဝမ်းနည်းကြောင်း သဝဏ်လွှာ ပေးပို့ခဲ့တာဖြစ်ပါတယ်။ သဝဏ်လွှာထဲမှာလည်း အဲ့ဒီအချိန်က ယာယီ ဝန်ကြီးချုပ်ဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး ဦးသိန်းစိန် နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးဉာဏ်ဝင်းတို့ဆီကို ဝမ်းနည်းကြောင်း စာတွေ ပေးပို့ခဲ့တယ်လို့ ပါရှိပါတယ်။

အခုပျံ့နေတဲ့သတင်းက စာသားတွေဟာ အဲ့ဒီ ၂၀၀၇ ခုနှစ် က ဝမ်းနည်းကြောင်း သဝဏ်လွှာက စာသားတွေပါ။

အင်္ဂလိပ်လို ဖော်ပြချက်ထဲမှာ ယာယီဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းစိန် နဲ့ နိုင်ငံခြားရေး ဝန်ကြီး ဦးဉာဏ်ဝင်း ဆိုတဲ့ စကားလုံး ပါပေမယ့် မြန်မာလို ဘာသာပြန်ချိန်မှာ ဒီအချက်တွေချန်လှပ်ထားပြီး ဖြန့်ဝေထားပါတယ်။ လင့် – https://shorturl.at/fxTUW , https://shorturl.at/cghmG

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက ဝမ်းနည်းကြောင်းပေးပို့တဲ့ စာမှာပါတဲ့ ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်း ဆိုတာ နအဖ အစိုးရလက်ထက် က ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို ရည်ညွှန်းခဲ့တာဖြစ်ပြီး အခုလက်ရှိ စစ်ကောင်စီ ဒုတိယဥက္ကဌ ရဲ့ သတ်မှတ်ထားတဲ့ ရာထူးက ဒုတိယ ဝန်ကြီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်းဖြစ်ပါတယ်။ နာမည်တူနေပေမယ့် လူမတူသလို ဖြစ်စဉ်အချိန်အခါလည်း မတူနေတာကို သတိထားရမှာဖြစ်ပါတယ်။

ဒရုန်းနဲ့ တိုက်ခိုက်ခံရတယ်လို့ သတင်းတွေထွက်ပေါ်ပြီးနောက်ပိုင်းမှာတော့ ဒုတိယစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်နေတာဖြစ်ပေမယ့် သေဆုံးသွားတယ်ဆိုတာကိုတော့ စစ်ကောင်စီကလည်း တရားဝင် ထုတ်ပြန်ထားတာမရှိသလို ပြည်တွင်းပြည်ပ ဘယ်ဌာနမှာမှလည်း သတင်းဖော်ပြတာ မတွေ့ရသေးပါဘူး။

ဒါကြောင့် စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးက ဗိုလ်ချုပ်ကြီး စိုးဝင်း ကွယ်လွန်တာကြောင့် ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့တယ်ဆိုတာ လက်ရှိ ဒုစစ်ခေါင်းဆောင် ဒုဗိုလ်ချုပ်မှူးကြီး စိုးဝင်း ကို ရည်ညွှန်းတာမဟုတ်ဘဲ လွန်ခဲ့တဲ့ နအဖ အစိုးရလက်ထက် ၂၀၀၇ ခုနှစ်က ဗိုလ်ချုပ်စိုးဝင်း သေဆုံးမှုကို ပေးပို့ခဲ့တဲ့ သဝဏ်လွှာပဲ ဖြစ်ပါတယ်ရှင်။

သတင်းဖတ်ရှုသူတွေအနေနဲ့ သတင်းတုလို့ သံသယရှိရင်ဖြစ်ဖြစ် သတင်းတုကိုတွေ့ခဲ့ရင်ဖြစ်ဖြစ် မဇ္ဈိမကို အချက်အလက် စစ်ဆေးဖို့အတွက် ပေးပို့လို့ရပါတယ်။ ပေးပို့မယ်ဆိုရင်တော့ t.ly/AjFbz ဆိုတဲ့ လင့်ကို ရိုက်ထည့်ပြီး သတင်းလင့်နဲ့တကွ စစ်ဆေးချင်တဲ့ အကြောင်းအရာကိုဖြည့်စွက်ပေးပို့နိုင်ပါတယ်။