တောင်တရုတ်ပင်လယ် တင်းမာမှုများအပေါ် စိုးရိမ်ပူပန်ဟု အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ပြော

Reuters

တောင်တရုတ်ပင်လယ်၌ တင်းမာမှုများ မြင့်တက်နေခြင်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်ကြောင်း အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) နိုင်ငံခြားရေးဝန်ကြီးများက ဒီဇင်ဘာ ၃၀ ရက်တွင် ထုတ်ပြန်ပြောဆိုသည်။

တင်းမာမှုများက ဒေသတွင်း ငြိမ်းချမ်းမှုအပေါ် ခြိမ်းခြောက်နိုင်သည်ဟု ၎င်းတို့က ပြောဆိုပြီး သက်ဆိုင်သူများအကြား ငြိမ်းချမ်းစွာ ညှိနှိုင်းဆွေးနွေးရေးအတွက် တိုက်တွန်းသည်။

“ဒေသတွင်း ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ တည်ငြိမ်မှုကို တိုက်စားလျော့ပါးစေနိုင်တဲ့ တောင်တရုတ်ပင်လယ်တွင်း မကြာသေးခင်က ဖြစ်ပေါ်မှုအခြေအနေတွေကို မိမိတို့ စိုးရိမ်မှုတွေနဲ့အတူ အနီးကပ်စောင့်ကြည့်နေပါတယ်” ဟု အာဆီယံအုပ်စု၏ ထိပ်တန်းသံတမန်များက ထုတ်ပြန်ချက်တစောင်တွင် ပြောသည်။

ပင်လယ်ရေကြောင်း ထိပ်တိုက်တိုးမှုဖြစ်စဉ်များနှင့်ပတ်သက်၍ ပြီးခဲ့သည့်လများအတွင်း တရုတ်နှင့် ဖိလစ်ပိုင်တို့အကြား အပြန်အလှန် စွပ်စွဲပြောဆိုမှုများ ထွက်ပေါ်ခဲ့ပြီးနောက် ယခု ထုတ်ပြန်ချက်ထွက်ရှိလာခြင်း ဖြစ်သည်။ သံတမန်ရေး ကြိုးပမ်းမှုများက “အားနည်းသည့် ဦးတည်ရာ”တခုအတိုင်း သွားနေသဖြင့် လုပ်နည်းကိုင်နည်းပုံစံ ပြောင်းလဲရန် လိုအပ်ကြောင်း မနီလာက ပြောသည်။

စွပ်စွဲမှုများက “အတုအယောင် သက်သက်” သာဖြစ်ကြောင်း တရုတ်က ပြောဆိုပြီး ၎င်းတို့အနေဖြင့် ဖိလစ်ပိုင်၏ ထပ်တလဲလဲ “ရန်စ၊ နှောင့်ယှက်မှုများ” ကို မသိကျိုးကျွန်ပြုမည် မဟုတ်ဟု ပြောသည်။

“အငြင်းပွားမှုများကို အရှိန်မြင့်တက်စေမည့် သို့မဟုတ် ခက်ခဲရှုပ်ထွေးစေမည့် လုပ်ဆောင်ချက်များ စီမံခန့်ခွဲလုပ်ဆောင်ရာတွင် ကိုယ့်ကိုယ်ကို ထိန်းချုပ်သည်းခံ လုပ်ဆောင်ရန်” လိုကြောင်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးများက ထပ်လောင်း ပြောဆိုသည်။

(ကိုလူအေး ဘာသာပြန်သည်)