မြိတ်မြို့နယ်တွင် ပြည်သူ့စစ်အဖွဲ့အတွက် မထည့်မနေရစနစ်ဖြင့် ရိက္ခာကြေးတောင်း

ပုံအညွှန်း- မြိတ်မြို့ပေါ်က ပြည်သူ့စစ်နဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် အချို့ကို တွေ့ရစဉ်

ပုံအညွှန်း- မြိတ်မြို့ပေါ်က ပြည်သူ့စစ်နဲ့ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့ဝင် အချို့ကို တွေ့ရစဉ်

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ တနင်္သာရီတိုင်း၊ မြိတ်မြို့နယ်က ကျေးရွာနှင့် မြို့ပေါ် ရပ်ကွက် အချို့တွင် စစ်ကောင်စီက ဖွဲ့စည်းပေးထားသည့် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ အတွက် လစဉ်ထောက်ပံ့ကြေးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ဦးစီးပြီး လိုက်လံ ကောက်ယူနေကြောင်း ဒေသခံများထံမှ သိရ သည်။

နေအိမ်တိုင်းကို ကောက်ခံခြင်းမျိုး မဟုတ်ဘဲ ငွေကြေးတက်နိုင်သူ၊ လောင်းကစားလုပ်ငန်း လုပ်ကိုင်နေသူများထံမှ ကောက်ခံနေခြင်းဖြစ်ပြီး တအိမ်လျှင် ကျပ် ၂၀,၀၀၀ ကောက်ခံခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကို ပြောသည်။

“အိမ်တိုင်းတော့ မဟုတ်သေးဘူး၊ အခုက အများစုက ငွေကြေး တတ်နိုင်တဲ့ အိမ်နဲ့ ချဲထီ၊ ဘောလုံးပွဲတွေ လောင်းကစားပြုလုပ်နေတဲ့ သူတွေဆီက စကောက်နေတာ ဖြစ်တယ်” ဟု ဒေသခံအမျိုးသမီးက ပြောသည်။

မြိတ်မြို့ပေါ် ရပ်ကွက်များဖြစ်သည့် မြိတ်တောင်နယ်မြေ၊ မြိတ်တောင်ကျေးရွာ၊ ကလွင်ကျေးရွာ၊ ရေပုံးနယ်မြေနှင့် အလယ်ကျွန်းနယ်မြေ စသည့် ရပ်ကွက်များတွင် ကောက်ခံနေခြင်း ဖြစ်သည်။

အဆိုပါ ကျေးရွာ၊ ရပ်ကွက်များသည် ပြည်သူ့စစ် (ပျူစောထီး) အဖွဲ့ အင်အားကောင်းသည့် ရပ်ကွက်များဖြစ်သည်ဟု မြိတ်ဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူးများ ဦးစီးကောက်ခံသည့် ပျူအတွက် ရိက္ခာကြေးများကို မထည့်ဝင်ပါကာ ပြဿနာရှာ ခံရနိုင်၍ ရိက္ခာကြေး ပေးနေရကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။

“အခုကာလက ပျူတွေအတွက် အုပ်ကြီးတွေရဲ့ အမိန့်နဲ့ ထောက်ပံ့ကြေး လာကောက်တာ၊ မပေးလို့လည်း မရဘူး၊ မပေးရင် ပြဿနာ ရှာခံရမှာ ကြောက်လို့ ပေးနေရတယ်”ဟု မြိတ်မြို့၊ ကလွင်ကျေးရွာနေ အမျိုးသားတဦးက မဇ္ဈိမကို ပြောသည်။

ထိုအပြင် မြို့ပေါ် ရပ်ကွက်များတွင် စစ်ကောင်စီနှင့် အုပ်ချုပ်ရေးမှူးများက ဧည့်စာရင်း စစ်ဆေးခြင်း၊ အကြောင်းမဲ့ လူငယ်များကို ညဖက် ဖမ်းဆီးခြင်း စသည့် အကြောင်းပြချက် အမျိုးမျိုးဖြင့် စစ်ဆေးခံရသူများကို ဒဏ်ငွေ အများပြား ရိုက်နေကြောင်းလည်း မြို့ခံများက ဆိုသည်။

အဆိုပါ ဒဏ်ရိုက်ငွေများကိုလည်း “လစဉ် ပျူအဖွဲ့အတွက် လစဉ် ငွေကြေးနဲ့ စားနပ်ရိက္ခာတွေ ထောက်ပံ့တယ်” ဟု မြိတ်မြို့ပေါ်က ပျူစောထီးနဲ့ နီးစပ်သူတဦးက ပြောသည်။

အလားတူ မြိတ်ခရိုင်ထဲက ကျွန်းစုမြို့နယ်၊ ပုလောနှင့် တနင်္သာရီမြို့နယ်တို့က ကျေးရွာများတွင်လည်း ပြည်သူ့စစ်အဖွဲ့ အတွက် ယခင်ကတည်းက မထည့်မနေရ လစဉ်အိမ်ထောင်စု တစုလျှင် ကျပ် ၇,၀၀၀ ထောက်ပံ့ကြေး ပေးနေရကြောင်း ဒေသခံများက ပြောသည်။

စာတည်း။ ။ နောင်နောင်