မဲဆောက်တွင် အထောက်ထားမဲ့ မြန်မာနိုင်ငံသား ၂ ဦးထံမှ ဘတ်ငွေ ၁ သန်း တွေ့ရှိ၍ ဖမ်းဆီးစစ်ဆေးခံနေရ

ပုံအညွှန်း- မဲဆောက်တွင် ထိုင်းဘတ်ငွေ ၁ သန်းနှင့်အတူ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦး (photos-crd)

ပုံအညွှန်း- မဲဆောက်တွင် ထိုင်းဘတ်ငွေ ၁ သန်းနှင့်အတူ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦး (photos-crd)

ကိုရွှေမြိတ်

(မဇ္ဈိမ) ။ ။ ထိုင်း-မြန်မာနယ်စပ်ဖြစ်သည့် တာ့ခရိုင်၊ မဲဆောက်မြို့နယ် မယ်ကုကျေးရွာ အနီးတွင် ယမန်နေ့ မတ် ၆ ရက်နေ့ မွန်းလွဲပိုင်းက အထောက် ထားမဲ့ မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို ထိုင်း စစ်တပ်က ဖမ်းဆီးစစ်ဆေးစဉ် အနီရောင် လက်ဆွဲအိတ်အတွင်းမှ ဘတ်ငွေ ၁ သန်းတွေ့ရှိ၍ ထိန်းသိမ်းစစ်ဆေးခံ နေရကြောင်း ထိုင်းသတင်းဌာနများတွင် ရေးသားထားသည်။

ပုံအညွှန်း- မဲဆောက်တွင် ထိုင်းဘတ်ငွေ ၁ သန်းနှင့်အတူ ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားနှစ်ဦး (photos-crd)

ထိုင်းဘတ်ငွေ ၁ သန်းသည် လက်ရှိငွေကြေး ပေါက်ဈေးအရ မြန်မာငွေ ကျပ်သိန်း ၁,၀၀၀ နှင့် ညီမျှသည်။

တရားဝင် နေထိုင်ကြောင်း အထောက်အထား မပြနိုင်သော အသက် ၁၇ နှစ်နှင့် အသက် ၂၀ အရွယ်ရှိ လူငယ်နှစ်ဦးသည် ကင်းလှည့် ထိုင်းနယ်ခြားစောင့် စစ်တပ်နှင့် တွေ့၍ ဖမ်းဆီးခံလိုက်ရခြင်းဖြစ်ကြောင်း ထိုင်းအခြေစိုက် AEC ထိုင်း သတင်းဌာနက ရေးသားသည်။

“နောက်ဆုံး ကျွန်တော်တို့ ကြားရတာက တရားမဝင် နယ်စပ်ဖြတ်ကျော် ခိုးဝင်မှုနဲ့ အမှုဖွင့်ခံထားရတယ်လို့ သိရတယ်၊ နောက်တချက်က သူတို့မှာ ပါလာတဲ့ ဘတ် ၁ သန်း ကိစ္စကတော့ အမှန်တကယ် ပိုင်ဆိုင်မှု ဟုတ် မဟုတ်ကိုတော့ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးနေတယ်” ဟု မဲဆောက်မြို့နေ မြန်မာနိုင်ငံသားတဦးက မဇ္ဈိမကို ပြောသည်။

ထိုင်းနိုင်ငံ အတွင်းသို့ တရားဝင် MOU ဖြင့် ရောက်ရှိနေသည့် မြန်မာနိုင်ငံသားများ အပါအဝင် အိမ်နီးချင်း နိုင်ငံများဖြစ်သော လာအို၊ မလေးရှား၊ ဗီယက်နမ်နှင့် ကမ္ဘောဒီးယား စသည့် ရွှေ့ပြောင်းအလုပ်သမားများသည် ထိုင်းဘတ်ငွေ အမြောက်များကို တရားဝင် ပိုင်ဆိုင်ကြောင်း အထောက်ထား တင်ပြနိုင်မှ သာလျှင် ကိုင်ဆောင်ခွင့် ရှိကြောင်း ထိုင်းနိုင်ငံတွင် နှစ်ရှည် နေထိုင်သည့် မြန်မာနိုင်ငံသားများထံမှ သိရသည်။

တရားဝင် ကိုင်ဆောင်လိုပါက အထောက်ထား တင်ပြရခြင်းအပြင် ယခုလို စစ်ဆေးတွေ့ရှိပါက ပိုင်ဆိုင်မှု မှန်ကန်ကြောင်း သက်ဆိုင်ရာ နိုင်ငံသားများ၏ သံရုံးဖက်မှ လိုက်ပါဆောင်ရွက်ပေးနိုင်ပါက ပြန်လည်ရရှိနိုင်ကြောင်း မြန်မာအလုပ်သမားအရေး ကူညီပေးနေသူများကလည်း ပြောသည်။

လက်ရှိ အထက်ပါ ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား လူငယ်နှစ်ဦးကို ထိုင်းစစ်တပ်က မဲဆောက်မြို့ ရဲစခန်းကို လွဲပြောင်းပေးထားပြီး တရားမဝင် ခိုးဝင်မှုဖြင့် အရေးယူထားကာ ဘတ်ငွေကိုင်ဆောင်ခြင်းနှင့် ပတ်သက်ပြီး ဆက်လက်စစ်ဆေးနေသေးကြောင်း သိရသည်။

စာတည်း။ ။ နောင်နောင်