မန္တလေးမြို့၊မြဝတီဘဏ် ဗုံးပစ်တိုက်ခိုက်ခံရ

008

(မဇ္ဈိမ)။ ။မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ ချမ်းမြသာစည်တောင်ရပ်ကွက်ရှိ မြဝတီဘဏ်သည် ယနေ့(မေ ၂၁ရက်)နံနက် ၁၁နာရီခန့်က ဗုံးပစ်တိုက်ခိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် နှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း မြို့ခံအချို့က မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် အလှည့်ကျ လုံခြုံရေးယူထားသည့် ဘဏ်လုံခြုံရေးဂိတ်တဲနှင့်ဘဏ်ရှေ့ကို ဗုံးပစ်တိုက်ခိုက်သွားခြင်းဟု ဒေသခံတဦးကပြောသည်။

“ဗုံးနဲ့ပစ်သွားတယ်။အစောင့်စစ်သား နှစ်ဦးဒဏ်ရာရတယ်။ဒဏ်ရာက များပုံတော့မရဘူး။ဘဏ်မျက်နှာစာမှန်တွေကွဲတယ်။လူနာတင်ကားဘာညာတော့မလာဘူး။စစ်ကား နှစ်စီးရောက်လာတယ်” ဟု အဆိုပါဖြစ်စဉ်ကိုမြင်တွေ့ခဲ့သည်ဆိုသည့် ဒေသခံတဦးက ပြောသည်။

မန္တလေးကျုံးဘေးတွင် မနက်ဖြန်( မေ ၂၂ရက်)၌ စစ်ကောင်စီမှ သံဃာ၁၀,၂၇၂ပါးအား ဆွမ်းလောင်းပွဲရှိပြီး လုံခြုံရေးတင်းကြပ်ထားသည့်ကြားမှ မြဝတီဘဏ်စောင့်လုံခြုံရေးအဖွဲ့ တိုက်ခိုက်ခံရခြင်းဖြစ်သည်။ မြဝတီဘဏ်သည် စစ်ကောင်စီပိုင် လုပ်ငန်းများအနက်တခုဖြစ်သည်။

“သူတို့ဆွမ်းလောင်းပွဲရှိတော့ တမြို့လုံးလမ်းတွေပိတ်၊အစစ်အဆေးရော လုံခြုံရေးရော နေရာအနှံ့အပြည့်မြင်နေရတာပဲ။ဒီကြားထဲက ဖြစ်သွားတာပဲ။ဖြစ်တဲ့နေရာက လူစည်တဲ့နေရာ”ဟုမြို့ခံတဦးကပြောသည်။

အဆိုပါတိုက်ခိုက်မှုအား မည်သည့်အဖွဲ့က လုပ်ဆောင်ခဲ့သည်ကို မသိရှိသေးသော်လည်း စစ်ကောင်စီဝါဒဖြန့်တယ်လီဂရန်တွင် PDF နှစ်ဦးမှ ဆိုင်ကယ်ဖြင့်လာရောက်ပြီး ဗုံးပစ်သွားသည်ဟုဖော်ပြထားသည်။

စာတည်း – အေးချမ်း