မန္တလေးတွင် လူနေအဆောင် မီးလောင်မှုဖြစ်ပြီး ၁ ဦး သေဆုံး

007

(မဇ္စျိမ) ။ ။ မန္တလေး၊ မဟာအောင်မြေမြို့နယ်၊ ရဲမွန်တောင်ရပ်ကွက် ရေနီမြောင်းလမ်း၊ ၃၅ လမ်းနဲ့ ၃၆ လမ်းကြားတွင် ယနေ့မွန်းလွဲပိုင်းက လုပ်ငန်းခွင်တခုအတွင်းရှိ လူနေအဆောင်တလုံး မီးလောင်မှုဖြစ်ပွားပြီး အမျိုးသားတဦး မီးလောင်သေဆုံးခဲ့ကြောင်း လူမှုကယ်ဆယ်ရေးအသင်းတခုမှ တာ၀န်ရှိသူက မဇ္ဈိမကို ပြောသည်။

မတ်လ ၇ ရက်နေ့ မွန်းလွဲ ၁ နာရီတွင် မီးစလောင်ကျွမ်းခဲ့ခြင်းဖြစ်ပြီး ၁၀ မိနစ်ခန့်ကြာ မီးလောင်ကျွမ်းပြီးနောက် မီးငြိမ်းသွား၍ အဆောင်ထဲဝင်ကြည့်ချိန်မှသာ မီးလောင်ပြီး သေဆုံးနေသော ရုပ်အလောင်းကို တွေ့ရခြင်းဖြစ်ကြောင်း ဆိုသည်။

“မီးက တအောင့်လေး လောင်သွားတာ၊ မီးငြိမ်းသွားပြီး အထဲ၀င်ကြည့်တော့မှ မီးလောင်သေဆုံးနေတဲ့အလောင်း တွေ့ရတာ၊ အမျိုးသားပါ၊ လူလတ်ပိုင်းလို့ လတ်တလောခန့်မှန်းတယ်၊ ဘယ်သူဘယ်ဝါဆိုတာ မသိရသေးဘူး” ဟု မီးလောင်ပြင်ရောက်ရှိခဲ့သည့် လူမှုကယ်ဆယ်ရေးအသင်းတခုမှ တာ၀န်ရှိသူက ပြောသည်။

အဆိုပါမီးလောင်မှုကို Level (1) အဆင့်ဖြင့် မီးငြှိမ်းသတ်ခဲ့ပြီး မီးလောင်မှု အကြောင်းရင်းကို မီးသတ်ဦးစီးဌာနက စစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။

“မီးလောင်တဲ့နေရာက လုပ်ငန်းခွင်တခုဆိုတာလောက်ပဲ ပြောလို့ရဦးမယ်၊ လုပ်ငန်းခွင်ထဲက လူနေလိုင်းခန်းလို့ပဲ ပြောရမလား၊ အဆောင်လို့ပဲ ပြောရမလား၊ အဲဒါလောက်ပဲသိရသေးတယ်၊ သေသွားတဲ့ DB (ရုပ်အလောင်း) ကတော့ မီးလောင်ခံရပြီး သေတာပါ” ဟု မီးငြှိမ်းသတ်ရာတွင် ပါ၀င်ခဲ့သည့် မီးသတ်၀န်ထမ်းတဦးကလည်း ပြောသည်။

မန္တလေးမြို့တွင် မတ်လ ၂ ရက်နေ့ နံနက်ပိုင်းကလည်း ချမ်းမြသာစည်မြို့နယ် ကံသာယာရပ်ကွက်ရှိ လူနေအိမ်တလုံး မီးလောင်မှုဖြစ်ခဲ့ပြီး အသက် ၁၄ နှစ်အရွယ် ခုနစ်တန်းကျောင်းသူတဦး သေဆုံးခဲ့သည်။

ယခု မတ်လ ၁ ရက်နေ့မှ ၇ ရက်နေ့အထိ မန္တလေးမြို့တွင် မီးလောင်မှု ကိုးကြိမ်ဖြစ်ပွားခဲ့ကြောင်း မီးသတ်စခန်းများနှင့် ဒေသတွင်း လူမှုကူညီရေးအသင်းများ ပြုစုထားသည့် စာရင်းများအရ သိရသည်။

စာတည်း။ ။ နောင်နောင်