မြဝတီမြို့ နယ်ရှိ ခမရ (၃၅၅) ခြေမြန်တပ်ရင်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တိုက်ခိုက်

ပုံအညွှန်း- ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

ပုံအညွှန်း- ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်

သွင်ထူးဈာန် (ကောသူလေး)

(မဇ္ဈိမ) ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ကန်းညီနောင် ခမရ (၃၅၅) ခြေမြန်တပ်ရင်းကို ယနေ့ မတ်လ ၇ ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များမှ ဝင်ရောက်တိုက်ခိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။

ခမရ (၃၅၅) ခြေမြန်တပ်ရင်းကို မွန်းတည့် ၁၂နာရီဝန်ကျင်မှ စတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်ဘက်ကလည်း လက်နက်ကြီးများဖြင့် ခုခံနေကြောင်း သိရသည်။

“နေ့လယ်လောက်က စပစ်တာ၊ လက်နက်ကြီးတွေကို ၃၅၅၊ ၃၅၆၊ ၃၅၇၊ ၂၇၅ တပ်ရင်းတွေဘက်က ပစ်ထုတ်နေတယ်၊ တိုက်ပွဲအတော်ကြမ်းနေတယ်၊ အကြီးသံ တွေကော၊ အသေးသံတွေကော စုံနေတာပဲ” ဟု သင်္ကန်းညီနောင် ဒေသခံတဦးက ပြောသည်။

တိုက်ပွဲပြင်းထန်စွာ ဖြစ်ပွားနေသည့်အတွက် ခမရ (၃၅၅) ခြေမြန်တပ်ရင်း အနီးတွင် နေထိုင်သည့် ဒေသခံအချို့ ထွက်ပြေးတိမ်းရှောင်နေကြရသကဲ့သို့ ပိတ်မိနေသူ အချို့လည်းရှိကြောင်း သိရသည်။

“တပ်ရင်းတွေနားက နေအိမ်တွေမှာ လူတွေရှိသေးတယ်၊ တချို့ကတော့ ပြေးကုန်ပြီ၊ ပိတ်မိနေတဲ့သူတွေရှိသေးတယ်၊ စစ်တပ်ဘက်က ရပ်ကွက်တွေထဲ လက်နက်ကြီးတွေပစ်ထည့်မှာကို စိုးရိမ်တယ်၊ ပြီးခဲ့တဲ့ ၂ လပိုင်းလောက်ကလည်း သင်္ကန်းညီနောင်ရဲစခန်းကနေ လက်နက်ကြီးပစ်လို့ ကလေးတယောက်သေပြီး တချို့ ဒဏ်ရာရသွားကြတယ်”ဟု မြဝတီဒေသခံတဦးက ပြောသည်။

ခမရ (၃၅၅) ခြေမြန်တပ်ရင်းသည် မြဝတီ-ကော့ကရိတ်ကားလမ်းမဘေးတွင် ရှိသည့် စကခ (၁၂) လက်အောက်ခံ တပ်ရင်းတခု ဖြစ်သည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ခမရ (၃၅၅) ခြေမြန်တပ်ရင်းကို လာရောက်စစ်ဆေးသည့် Mi-17နှင့် Eurocopter ရဟတ်ယာဉ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ် (ကော်ဘရာစစ်ကြောင်း)မှ ပစ်ခတ်ခဲ့သည့်အတွက် Eurocopter ရဟတ်ယာဉ်ပျက်ကျခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလမှစတင်ကာ မြဝတီ-ကော့ကရိတ် အာရှလမ်းမကြီးကို ပြည်သူ့ကာကွယ်ရေးတပ်မှ ပိတ်ဆို့ကာ နေရာစိုးမိုးထားခြင်း ဖြစ်သည်။

စာတည်း။ ။ နောင်နောင်