သင်္ကန်းညီနောင်တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီလက်နက်ကြီးကြောင့် အရပ်သားသေဆုံးထိခိုက်မှုရှိ

စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများ

သွင်ထူးဈာန်(ကော်သူလေး)

မဇ္ဈိမ။ ။ကရင်ပြည်နယ်၊မြဝတီမြို့၊သင်္ကန်းညီနောင်တွင် ယနေ့ဖြစ်ပွားသောတိုက်ပွဲ၌ စစ်ကောင်စီ၏လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအမျိုးသမီးတဦးသေဆုံးကာ နှစ်ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရရှိသည်။

“ လက်နက်ကြီးတွေ တောက်လျှောက်ပစ်တာ။ ရွာသစ်ရွာက ဘုန်းကြီးကျောင်းဘေးကိုကျတယ်။အဲ့မှာ တယောက်သေတယ်။ နှစ်လုံးကျတာပေါ့”ဟု ဒေသခံတဦးကပြောသည်။

သင်္ကန်းညီနောင်ရှိ ခြေမြန်တပ်ရင်း ခမရ(၃၅၅)ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ယနေ့မတ်လ၇ရက် နံနက်တွင် စတင်တိုက်ခိုက်နေပြီး စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု၊လက်နက်ကြီးပစ်ခတ်မှုဖြင့် ပြင်းပြင်းထန်ထန်ပြန်လည်ခုခံနေကြောင်း တော်လှန်ရေးရဲဘော်များထံမှ သိရသည်။ စစ်ကောင်စီ၏လက်နက်ကြီးကျည်သည် ရွာသစ်ရွာအတွင်း ကျရောက်ပေါက်ကွဲပြီး အရပ်သားထိခိုက်သေဆုံးမှုဖြစ်ခဲ့ခြင်းဟု သိရသည်။

စစ်ကောင်စီပစ်ခတ်မှုကြောင့် ထိခိုက်ပျက်စီးမှုများနှင့် လက်နက်ကြီးအပိုင်းအစ

ယနေ့ ညနေ ၃ နာရီခန့်နှင့်ညနေ၅နာရီခွဲခန့်တွင် တိုက်ခိုက်ရေးရဟတ်ယာဉ်၊ ဂျက်ဖိုက်တာတို့ဖြင့် စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ထို့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ဒေသတွင်းအများပြည်သူသွားလာနေသည့်လမ်းများအားပိတ်ဆို့ထားကြောင်းလည်း ဒေသခံများကပြောသည်။

“ ကားတွေအကုန်လုံးကို မောင်းထုတ်နေတယ်။ အဝင်လမ်းအထွက်လမ်းတွေ အကုန်ပိတ်ထားတယ်”ဟု သင်္ကန်းညီနောင်ဒေသခံတဦးကပြောသည်။

ခမရ (၃၅၅)တပ်ရင်းသည် မြဝတီ-ကော့ကရိတ်ကားလမ်းမဘေးတွင် ရှိသည့် စကခ (၁၂) လက်အောက် ခံ တပ်ရင်းဖြစ်သည်။ ခမရ(၃၅၅) ကို KNUနှင့်PDFများက သိမ်းပိုက်ရယူရန် တိုက်ခိုက်နေကြောင်း စစ်ကောင်စီလက်အောက်ခံ တယ်လီဂရမ်ချန်နယ်များ၌ ယနေ့ညနေတွင် ရေးသားဖော်ပြနေကြသည်။

ဘားအံ-မြဝတီလမ်း (အာရှလမ်းပိုင်း) နှင့် ကော့ကရိတ်မြို့တွင်းရှိစစ်ကောင်စီ၏ အထိုင်စခန်းများ၊ ဂိတ်စခန်းများအား ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလ ၁ရက်နေ့မှစ၍ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ဘားအံ- မြဝတီအာရှလမ်းမကြီးနှင့်ကော့ကရိတ်မြို့၏ ၆ဝ ရာခိုင်နှုန်းအထိထိန်းချုပ်ထားနိုင်ပြီဟု အမျိုးသားညီညွတ်ရေးအစိုးရ၊ကာကွယ်ရေးဝန်ကြီးဌာန(MOD)က မတ်လဆန်းတွင်သတင်းထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၉ ရက်နေ့က ခမရ (၃၅၅) ခြေမြန်တပ်ရင်းကို လာရောက်စစ်ဆေးသည့် စစ်ကောင်စီ၏Mi-17နှင့် Eurocopter ရဟတ်ယာဉ်တို့ကို ပြည်သူ့ကာကွယ်ရေးတပ် (ကော်ဘရာစစ်ကြောင်း)မှ ပစ်ခတ်ခဲ့ရာ Eurocopter ရဟတ်ယာဉ်ပျက်ကျခဲ့ပြီး စစ်ကောင်စီအရာရှိအချို့ သေဆုံးခဲ့သည်ဟု သိရသည်။

စာတည်း – အေးချမ်း