ကန့်ဘလူမြို့နယ်က စစ်ကောင်စီတပ်စခန်း ၁ ခုကို PDF သိမ်းပိုက်

ပုံအညွှန်း- တင်ငုတ်ကြီးစခန်းက သိမ်းဆည်းရမိသော လက်နက်များ (Photo- NUG)

MTO

(မဇ္ဈိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ တင်ငုတ်ကြီးရွာရှိ စစ်ကောင်စီတပ်နှင့် ပျူစောထီးများ၏ ပူးပေါင်းတပ်စခန်းကို PDF ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက် လိုက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က ယနေ့ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း သိမ်းဆည်းရမိခဲ့သော လက်နက်ခဲယမ်းများကိုလည်း NUG က ထုတ်ပြန်ထားသည်။

သိမ်းဆည်းရမိခဲ့သော ကာဘိုင်သေနတ် ရှစ်လက်၊ G-3 သေနတ်တလက်၊ Shoot Gun သေနတ် ငါးလက် လက်အပါအဝင် ကျည်နှင့်ခဲယမ်းပစ္စည်းများကို NUG က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

NUG ၏ ကနဦး ထုတ်ပြန်ချက်တွင် တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၅ ဦး သေဆုံးကြောင်း ဖော်ပြထားပြီး ထိုသေဆုံးမှုအပေါ် မဇ္ဈိမအနေဖြင့် သီးခြားအတည်ပြုချက် ရယူနေဆဲဖြစ်သည်။

စစ်ကောင်စီဘက်ကမှု ယခုသိမ်းပိုက်ခံရသော စခန်းသိမ်တိုက်ပွဲနှင့် ပတ်သက်ပြီး လက်ရှိအချိန်ထိ တစုံတရာ ထုတ်ပြန်လာခြင်း မရှိသေးပေ။

ယခုတိုက်ခိုက်မှုကို NUG ၏ ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁) စစ်ဒေသ၊ ကန့်ဘလူခရိုင်ကွပ်ကဲရေး ဦးဆောင်မှုဖြင့် ကန့်ဘလူခရိုင် ပကဖ လှုပ်ရှားတပ်ဖွဲ့များ၊ မြို့နယ်၊ ရပ်ကျေး ပကဖများက တိုက်ခိုက်သိမ်းပိုက်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ညီနောင် မဟာမိတ်သုံးဖွဲ့၏ ၁၀၂၇ စစ်ဆင်ရေးစတင်ပြီး မကြာမီအချိန်အတွင်းမှာပင် အညာဒေသ စစ်ကိုင်းတိုင်းတွင်လည်း မြို့သိမ်းတိုက်ပွဲများ မြင်တွေ့လာရပြီး လက်ရှိမှာ စစ်ကိုင်းတိုင်းအတွင်းက ကောလင်းမြို့၊ ခါမ်းပတ်မြို့၊ ရွှေပြည်အေးမြို့နှင့် မော်လူးမြို့တို့ကို PDF များက သိမ်းပိုက်ထိန်းချုပ်ထားသည်။

စာတည်း။ ။ နောင်နောင်