ပုလဲမြို့တွင် စစ်ကောင်စီနှင့်ပျူ‌စောထီးပူးပေါင်းစစ်ကြောင်းအားတိုက်ခိုက်မှု ၅ ဦးသေဆုံးဟုဆို

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ပုလဲမြို့နယ်၊အင်မထီးပျူရွာသို့ ရိက္ခာပို့ပြီး ပြန်ထွက်လာသည့် စစ်ကောင်စီနှင့်ပျူ‌စောထီးပူးပေါင်းစစ်ကြောင်းအားတိုက်ခိုက်ခဲ့ရာ ငါးဦးသေဆုံးသွားကြောင်း Southern YSO PDF က သတင်းထုတ်ပြန်သည်။

ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့ နေ့လယ်က အင်မထီးပျုရွာမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့ကို နေရာနှစ်ခုမှ တိုက်ခိုက်ခဲ့ခြင်းဟု Southern YSO PDF အဖွဲ့ တာဝန်ခံ ကိုအောင်မောင်းက ပြောသည်။

ကိုအောင်မောင်းက “ အင်မထီးကအထွက်မှာ ကြားဖြတ်တိုက်ခိုက်တာပါ။ စစ်မျက်နှာတဖက်ကနေ ၆၀(လက်နက်ကြီးအမျိုးအစား)နဲ့ပစ်တယ်။နောက်တဖက်မှာက အပြန်အလှန် ရင်ဆိုင်တိုက်ခဲ့တာပါ ။ တိုက်ပွဲမှာ ပျူနှစ်ယောက်က ပွဲချင်းပြီးသေတယ်။ စစ်သားတွေထဲမှာ ငါးယောက်ဒဏ်ရာရသွားပြီး အဲ့ထဲက သုံးယောက်သေတယ်လို့ သိရတယ်” ဟုပြောသည်။

တိုက်ပွဲအတွင်း ကာကွယ်ရေးရဲဘော်တဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အသက်အန္တရာယ်မရှိကြောင်း Southern YSO PDF အဖွဲ့ ကထုတ်ပြန်ထားသည်။

တိုက်ခိုက်ခံရသည့် စစ်ကောင်စီစစ်ကြောင်းသည် အင်မထီးကျေးရွာအတွင်းသို့ ပြန်လည်ဝင်ရောက်သွားပြီးနောက် မတ်လ ၇ ရက်နေ့တွင် စစ်ကောင်စီက Mi-17 ရဟတ်ယာဉ်လေးစီးဖြင့်လာရောက်ခေါ် ‌ဆောင်ပြီး တိုက်ပွဲပြင်းထန်နေသည့် ကနီမြို့နယ်သို့ ပို့ဆောင်လိုက်ကြောင်း သတင်းရရှိသည်။

အင်မထီးကျေးရွာသည် စစ်ကောင်စီကအခိုင်အမာခြေကုပ်ယူထားသည့် ပျူစောထီးရွာအဖြစ်နာမည်ကြီးသည်။ အဆိုပါရွာကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက ရိက္ခာဖြတ်တောက်ထားပြီး စစ်ကောင်စီက လာရောက်ပို့ဆောင်ပေးနေသည်။ ထို့အပြင် ထိုရွာမှပျူစောထီးအချို့သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ လက်နက်ချအလင်းဝင်မှုအချို့ ရှိခဲ့သည်။

လက်ရှိတွင် ကနီမြို့နယ်၌ ဖြစ်ပွားသောတိုက်ပွဲများသို့ အင်မထီးရွာမှ ပျူစောထီးများကို စစ်ကောင်စီက ပို့ဆောင်ပြီးအင်အားဖြည့်တင်းနေကြောင်း ကနီမြို့မှပြည်သူ့ကာကွယ်ရေးရဲဘော်အချို့ကပြောသည်။

မတ်လ ၆ရက်ကတိုက်ခိုက်မှုကို Southern YSO PDF အဖွဲ့ နှင့်အတူ ဗမာအမျိုးသားလွတ်မြောက်ရေးတပ်မတော်(BNRA)အဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း – အေးချမ်း