CDF -KKG ထံလက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသည့် ရဲတပ်သားကို သိန်း၅၀ချီးမြှင့်

ပုံအညွှန်း။. ။ မတ်လ ၉ရက်နေ့တွင် CDF-KKG ထံ ခိုလှုံလာသော ရဲတပ်သားနှင့် ၎င်းယူဆောင်လာသော လက်နက်များ/ ဓာတ်ပုံ။ ​။ CDF-KKG

ကိုခင်မောင်
မဇ္စျိမ ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့ရဲစခန်းမှ လက်နက်အပြည့်အစုံဖြင့် ခိုလှုံလာသောရဲတပ်သားကို ဆုငွေကျပ်သိန်း ၅၀ ချီးမြှင့်သည်ဟု Chinland Defense Force – Kalay Kabaw Gangawက ယနေ့ မတ်လ ၉ရက်တွင် သတင်းထုတ်ပြန်သည်။

“လာပူးပေါင်းတဲ့ ရဲတပ်သားက အထဲမှာနေတာကလဲ အကျိုးခံစားခွင့်တွေ အရင်ကလိုမရလို့ ထွက်ချင်တာကြာပေမယ့် ထွက်ဖို့ခွင့်မသာခဲ့ဘူး။ ထွက်လာဖို့ အဆင်မပြေခဲ့ဘူး။ အထဲမှာ သူတို့အချင်းချင်း ညီညွတ်မှုမရှိတော့ဘူး။ အသက်အန္တရာယ် စိုးရိမ်တာမျိုးရှိတယ်လို့ ပြောတယ်” ဟု CDF-KKG တာဝန်ရှိသူက မဇ္စျိမအားပြောသည်။

မတ်လ ၉ရက်နေ့တွင် ကလေးမြို့မှ ရဲတပ်သားတဦးသည် G3 လက်နက်အမျိုးစားတလက် ၊ ကျည်ဘောက်ငါးဘောက် ၊ ကျည်ဆံ အတောင့် ၃၃၀ ၊လက်ပစ်ဗုံးတလုံးနှင့်အတူ လာရောက်ခိုလှုံလာခြင်းဖြစ်သည်ဟု CDF – KKG တာဝန်ရှိသူထံမှ သိရသည်။

ထိုသို့ အလင်းဝင်လာသော ရဲတပ်သားကို ဆုကြေးငွေအဖြစ် ကျပ်သိန်း ၅၀ ချီးမြှင့်ခဲ့ပြီး လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF – KKGက ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၂၈ ရက်ကလည်း ချင်းပြည်နယ် ၊ ဟားခါးမြို့မှ ရဲတပ်သားတဦး G3တလက်နှင့် ကျည်ဆံ ၂၃၂ တောင့်တို့ဖြင့် ခိုလှုံလာခဲ့ရာ ဆုကြေးငွေ ကျပ်သိန်း ၅၀ချီးမြှင့်၍ လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ကြောင်း CDF – KKG တာဝန်ရှိသူထံမှ သိရသည်။

ထို့အပြင် ဇန်နဝါရီလ ၁၂ရက်နေ့တွင်လည်း ကလေးမြို့နယ်အတွင်းက ပျူစောထီးတဦးသည် ကာဘိုင်အမျိုးစား သေနတ်တလက်နှင့် ကျည်ဆံ အတောင့် ၁၇၀ တို့ဖြင့် ခိုလှုံလာရာ ဆုငွေအဖြစ် ကျပ်သိန်း ၂၀ ချီးမြှင့်ခဲ့သေးသည်ဟု CDF – KKG ထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ