KNU တပ်မဟာ(၃)နယ်မြေတွင် လက်နက်ကြီးကျည်ကျရောက်ကာ ဒေသခံ ၇ ဦးသေဆုံး၊ ၁၄ ဦးဒဏ်ရာရ

ဓါတ်ပုံ- KNU

YT
မဇ္ဈိမ။ ။ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်တွင် လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲကာ ဒေသခံခုနစ်ဦး သေဆုံးပြီး ၁၄ ဦး ဒဏ်ရာရသည်ဟု ကရင်အမျိုးသားအစည်းအရုံး (KNU) ဗဟိုက ယမန်နေ့ မတ်လ ၈ ရက်နေ့က သတင်းထုတ်ပြန်သည်။

မတ်လ ၄ ရက်နေ့မှ ၈ ရက်နေ့အထိ ငါးရက်တာအတွင်း စစ်ကောင်စီ၏ ကွင်းချောင်းဝစခန်း၊ ခြေမြန်တပ်ရင်း ခမရ (၃၅၁)၊ ခမရ (၄၃၉)တို့မှ စစ်ကောင်စီတပ်သားများ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် နတ်သံကွင်းမြို့ရှိ စစ်ကောင်စီတပ်သားများ၏ ဒရုန်းဖြင့် ဗုံးသီးကြဲချ တိုက်ခိုက်မှုတို့ကြောင့် KNU တပ်မဟာ (၃)၊ မုန်းမြို့နယ်အတွင်း နေထိုင်သည့် ဒေသခံများထိခိုက် သေဆုံးမှုရှိခြင်းဖြစ်သည်ဟု ထုတ်ပြန်သည်။

ထိခိုက်သေဆုံးသူ ခုနစ်ဦးတွင် အသက် ၄၀ ကျော် အမျိုးသမီးသုံးဦးနှင့် ကလေးငယ်များ ပါဝင်ပြီး ဒဏ်ရာရသူ ၁၄ ဦးတွင် သက်ကြီးပိုင်းများ၊ ကလေးများ၊ အမျိုးသမီးများသာမက အမျိုးသားများပါ ပါဝင်ကာ ဒဏ်ရာရသူများကို KNU တပ်မဟာ (၃)၊ မုန်းမြို့နယ် လက်အောက်ရှိ ကျန်းမာရေးဌာန တာဝန်ရှိသူများက ဆေးကုသပေးနေကြောင်း KNU ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

စစ်ကောင်စီတပ်၏ ပစ်ခတ်မှုများကြောင့် ဒေသခံ ထိခိုက်သေဆုံးမှုများရှိသည့်အပြင် နေအိမ်ခုနစ်လုံး နှင့် စာသင်ကျောင်းတကျောင်း ထိခိုက်ပျက်စီးပြီး နေအိမ်ငါးလုံး မီးလောင်ပျက်စီးမှုရှိသည်ဟု ဖော်ပြထားသည်။

ဒေသခံများမှာ စစ်ဘေးရှောင်ကြရသဖြင့် စပါး၊ သီးနှံများ မရိတ်သိမ်းနိုင်ဘဲ စားဝတ်နေရေး ကြပ်တည်းလာခြင်းနှင့် ကျန်းမာရေးပြဿာနာများကိုပါ ရင်ဆိုင်နေကြရသည်ဟု KNU ၏ ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ထို့အပြင် လက်ရှိအချိန်၌ KNU တပ်မဟာ (၃) နယ်မြေ၊ မုန်းမြို့နယ်အတွင်းသို့ တနင်္သာရီအခြေစိုက် ခမရ (၅၈၂) အပါအဝင် စစ်ကောင်စီပူးပေါင်းတပ်များက စစ်ကြောင်းထိုး၊ ထိုးစစ်ဆင်ခြင်းများ ပြုလုပ်လျက်ရှိနေပြီး နေ့စဉ် လက်နက်ကြီးများ ပစ်ခတ်မှုများကြောင့် မုန်းမြို့နယ်အတွင်းရှိ ကျေးရွာ ၁၈ ရွာမှ ပြည်သူ ၁၀,၉၆၄ ဦး ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ