ရေဦးမြို့ရှိ ထွေအုပ်ရုံးကို ကာကွယ်ရေးအဖွဲ့ ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်

ရွှေဘိုခရိုင်တပ်ရင်း(၁၄)ရဲဘော်များ နှင့် တိုက်ခိုက်ရေးဒရုန်းများကိုတွေ့နေစဉ်။( ပုံအဟာင်း)

MTO

(မဇ္ဈိမ)။ ။စစ်ကိုင်းတိုင်း၊ ရေဦးမြို့ရှိ အထွေထွေအုပ်ချုပ်ရေးရုံးကို ရွှေဘိုခရိုင် တပ်ရင်း(၁၄)က ဒရုန်းဖြင့်ဗုံးသီးချ တိုက်ခိုက်သည်ဟု ယင်းအဖွဲ့ကထုတ်ပြန်သည်။

“တိုက်ခိုက်မှုဟာ ပစ်မှတ်ကို ထိရောက်မှုရှိတယ်။ စစ်ကောင်စီဘက်က ထိခိုက်မှုများတယ်။ လူနာတင်ကားတွေနဲ့ ခေါ်ဆောင်သွားတာကို မြင်ခဲ့ရတဲ့သူတွေ ရှိတယ်” ဟု ရွှေဘိုခရိုင်တပ်ရင်း (၁၄)တပ်ရင်းမှူး ကိုဇွဲက ပြောသည်။

မတ်လ ၁၇ ရက် နေ့လယ် ၁၂ နာရီ ၄၅ မိနစ်အချိန်တွင် စစ်ကောင်စီလက်အောက်ခံ ဗျူဟာမှူးဖြိုးထက်ဝင်း ဦးစီးကျင်းပသည့် အစည်းအဝေးကို ဒရုန်းဖြင့် ဗုံးသီးလေးလုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းကပြောသည်။

အဆိုပါ အထွေထွေအုပ်ချုပ်ရေးရုံးတွင် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အစည်းအဝေးပြုလုပ်နေချိန်တွင် တိုက်ခိုက်ခြင်းဖြစ်သည်ဟု ကိုဇွဲက ပြောသည်။

“ပိုက်ဆံရှိ သားသမီးတွေကို စစ်မှုမထမ်းမနေရ ဥပဒေနဲ့ ခေါ်ပြီးတော့ ငွေညှစ်တဲ့သဘောမျိုးနဲ့ လုပ်တဲ့အစည်းအဝေး။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေလည်းပါတယ် ။ ပျူစောထီးတွေလည်းပါတယ်”ဟု ၎င်းကပြောသည်။

ရေဦးမြို့တွင် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ညှိနှိုင်းဆောင်ရွက်ရန်အတွက် ရပ်ကွက်
အုပ်ချုပ်ရေးမှူးရုံးများသို့ လာရောက်ရန် စာပေးပို့ ခြင်းများ ခပ်စိတ်စိတ် ရှိလာနေကြောင်း ဒေသခံများထံမှ သိရသည်။

ရွှေဘိုခရိုင်တပ်ရင်း (၁၄)အနေဖြင့် စစ်ကောင်စီလက်အောက်တွင် စစ်မှုမထမ်းဆောင်ချင်သည့် လူငယ်များကို ကူညီခေါ်ဆောင်နေပြီး ၎င်းတို့ဖြစ်ချင်သည်များကို ဆောင်ရွက်ပေးနေကြောင်း ယင်းအဖွဲ့ တာဝန်ရှိသူထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ