သင်္ဃန်းညီနောင် ခမရ(၃၅၅)နှင့် ရဲစခန်းကို ကာကွယ်ရေးပူးပေါင်းတပ် သိမ်းယူပြီးနောက် လေကြောင်းတိုက်ခိုက်

ပုံအညွှန်း- KNLA ပူးပေါင်းတပ်ဖွဲ့က တိိုက်ခိုက်သိမ်းခဲ့သည့် သင်္ဃန်းညီနောင်ရဲစခန်းနှင့် ခမရ (၃၅၅) (ဓါတ်ပုံ- CJ/ လူမှုကွန်ရက်)

ပုံအညွှန်း- KNLA ပူးပေါင်းတပ်ဖွဲ့က တိိုက်ခိုက်သိမ်းခဲ့သည့် သင်္ဃန်းညီနောင်ရဲစခန်းနှင့် ခမရ (၃၅၅) (ဓါတ်ပုံ- CJ/ လူမှုကွန်ရက်)

YT

(မဇ္ဈိမ) ။ ။ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်မြို့တွင် ခမရ (၃၅၅)တပ်ရင်းနှင့် ရဲစခန်းနေရာကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းယူပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နေသည်ဟု သိရသည်။

“ဒီနေ့ နေ့လယ်က လေယာဥ်ဗုံးကြဲတာရယ် လက်နက်ကြီးတွေ ပစ်တာရယ်တော့ ရှိသေးတယ်” ဟု ဒေသခံတဦးက ယနေ့ မတ်လ ၁၀ ရက်နေ့အခြေအနေကို ပြောသည်။

အဆိုပါ စစ်ကောင်စီလက်အောက်ခံ နေရာနှစ်ခုအား ယမန်နေ့ မတ်လ ၉ရက်နေ့တွင် ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က သိမ်းယူထားပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းအသုံးပြု ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေခြင်းဖြစ်သည်ဟု ဆိုသည်။

“တိုက်ပွဲကတော့ ဆက်ဖြစ်နေတုန်းဘဲ စစ်ကောင်စီတပ်က လက်နက်ခဲယမ်းနဲ့ စစ်ကူတွေလေယာဉ်နဲ့လာချတာတွေရှိတယ်”ဟု KNU တပ်မဟာ (၆)ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန် ကမဇ္ဈိမကို ပြောသည်။

သင်္ဃန်းညီနောင်မြို့သစ်ရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၅၅)၊ (၃၅၆)၊ (၃၅၇)နှင့် သင်္ဃန်းညီနောင် ရဲစခန်းအား တပ်မဟာ (၆) ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်ဖွဲ့များက မတ်လ ၇ ရက်နေ့မှစ၍ တိုက်ခိုက်‌နေခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီတပ်က Y-12 အမျိုးအစားလေယာဉ်၊ ဂျက်ဖိုက်တာ လေယာဉ်တို့ဖြင့်လေကြောင်းတိုက်ခိုက်မှု အကြိမ်ရေ ၅၀ ကျော် ပြုလုပ်သည့်အပြင် မြဝတီအခြေစိုက် ခြေလျင်တပ်ရင်း ခလရ (၂၇၅)မှလည်း လက်နက်ကြီး ပစ်ကူများ ပြုလုပ်ပေးနေသည်ဟု ဆိုသည်။

ယနေ့ မတ်လ ၁၀ ရက်နေ့တွင် လက်နက်ငယ် (သေနတ်)ပစ်ခတ်သံများ အနည်းငယ်သာရှိပြီး စစ်ကောင်စီ၏ လက်နက်ကြိီးပစ်ခတ်မှုများနှင့် လေကြောင်းတိုက်ခိုက်မှုများ ဆက်လက်ရှိနေဆဲဖြစ်ကြောင်း သိရသည်။

တိုက်ပွဲအတွင်း နှစ်ဖက် ထိခိုက်၊ ကျဆုံးမှုများရှိပြီး စစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဒေသခံ ခြောက်ဦးထက်မနည်း သေဆုံး၍ ၁၅ ဦးထက်မနည်း ဒဏ်ရာရကာ နေအိမ်၊ ဈေးဆိုင်နှင့် အဆောက်အဦ ပျက်စီးမှုများစွာ ရှိနေကြောင်း မြေပြင်သတင်းရင်းမြစ်များထံက သိရသည်။

လက်ရှိသင်္ဃန်းညီနောင်မြို့သစ်၊ ကုန်သွယ်ရေးဇုန် အပြင် အနီးအနားကျေးရွာများမှ ဒေသခံများသည် မြဝတီမြို့ရှိ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းများတွင် အများဆုံး စုဝေးနေကြပြီး သာမည၊ ဘားအံဘက်သို့ တိမ်းရှောင်နေကြသူများလည်း ရှိကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူများထံက သိရသည်။

“စဖြစ်တဲ့နေ့ကတည်းက အနီးအနားလေးတင် လက်နက်ကြီး ကျတော့ အိမ်ကနေ ဘာပစ္စည်းမှ ယူချိန်မရလိုက်ဘူး။ လာတိုက်မယ်ဆိုတာသိပေမယ့် ဒီလောက်မဖြစ်ဘူးထင်လို့။ အခုတော့ အနေအစား အရမ်းခက်ခဲတယ်” ဟု သင်္ဃန်းညီနောင်မှ ဒေသခံအမျိုးသမီးတဦးက မဇ္ဈိမကိုပြောသည်။

လက်ရှိတွင် မြဝတီမြို့၌ ခိုလှုံနေသည့် စစ်ဘေးရှောင်များအတွက် နေ့စဉ် အစားအသောက်များကို တနိုင်တပိုင် ပုဂ္ဂလိက အလှူရှင်များ၏ အကူအညီဖြင့် ဖြေရှင်းပေးနေကြပြီး အသုံးအဆောင်များ နှင့် စောင်၊ ခြင်ထောင်များ လိုအပ်နေကြောင်း စစ်ဘေးရှောင် အကူအညီပေးနေသူထံက သိရသည်။

“အစားအသောက်တွေကတော့ အလှူရှင်တွေက ချက်ပြီး ပို့ပေးကြတယ်။ လာမပို့တဲ့နေ့ဆိုရင်တော့ ချက်ပေးပါတယ်။ လိုအပ်တာက အခင်းတွေ စောင်တွေပေါ့။ ပြီးတော့ ဆေးဝါးတွေ လိုပါတယ်” ဟု စစ်ဘေးရှောင်အကူအညီပေးနေသူက မဇ္ဈိမကိုပြောသည်။

လက်ရှိအချိန်ထိ သင်္ဃန်းညီနောင်တွင် ပိတ်မိနေဆဲ ဒေသခံ ၂၀၀ ဝန်းကျင်ရှိနေပြီး အဆိုပါ ပိတ်မိနေသူများအား ဘေးကင်းရာသို့ ကယ်ထုတ်ရန် အကူအညီများ လိုအပ်နေကြောင်း ကူညီကယ်ထုတ်ပေးနေသူတဦးထံက သိရသည်။

“တိုက်ပွဲတွေဖြစ်ရင်တော့ ပြည်သူတွေကိုခေါ်ထုတ်ဖို့က နှစ်ဖက်လုံးရဲ့ခွင့်ပြုချက်နဲ့ လုပ်နေရတာမဟုတ်တဲ့အတွက် အဆင်ကတော့မပြေဘူး။ပစ်ခတ်သံတွေ ရပ်တဲ့အချိန်လေး အပြေးအလွှား ခေါ်ထုတ်။အပြေးအလွှားပြန်ထွက်။ အဲလိုပဲလုပ်နေရတာပဲ။ ဘယ်ဘက်နဲ့ပဲဖြစ်ဖြစ် လမ်းမှာထိပ်တိုက်တိုးတာက သူတို့တားရင်ရပ်ပေးပီး ပြေပြေလည်လည်ပြောပြရင် ပြဿနာမရှိပေမဲ့ လေယာဥ် ဒရုန်းနဲ့ အဝေးကနေလှမ်းပစ်နေတဲ့လက်နက်ကြီးတွေကိုတော့ သတိထားရတယ်” ဟု ဒေသခံများကို ကူညီကယ်ဆယ်ရေးဆောင်ရွက်ပေးနေသူက မဇ္ဈိမကိုပြောသည်။

သင်္ဃန်းညီနောင် တိုက်ပွဲသည် စစ်ကောင်စီတပ် နှင့် တပ်မဟာ (၆) KNLA၊ Cobra Column၊ Black Panther Column အပါအဝင် မဟာမိတ် ပူးပေါင်းတပ်ဖွဲ့များနှင့် ထိတွေ့တိုက်ပွဲများဖြစ်ပွားနေခြင်းဖြစ်သည်ဟု ကာကွယ်ရေးရဲဘော်ထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ