တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်ကို KIA ထိန်းချုပ်

လွယ်ဂျယ်မြို့ကို KIA တပ်ဖွဲ့ဝင်များ ဝင်ရောက်ထိန်းချုပ်ထားသည့် မြင်ကွင်းနှင့် လွယ်ဂျယ်နယ်စပ်ကုန်သွယ်ရေးဂိတ်။

ရွှေနွယ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်ရှိ နယ်စပ်ကုန်သွယ်ရေးမြို့ဖြစ်သော လွယ်ဂျယ်မြို့ကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA)နှင့်ပူးပေါင်းတပ်ဖွဲ့များကထိန်းချုပ်ထားပြီး ယနေ့ ဧပြီ ၂ ရက်နေ့တွင် နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေကြောင်း KIA နှင့်နီးစပ်သည့် သတင်းရင်းမြစ်က မဇ္ဈိမကိုပြောသည်။

လွယ်ဂျယ်မြို့ပေါ်ရှိ စစ်ကောင်စီခြေလျင်တပ်ရင်းခလရ (၁၄၂)နှင့်မြို့မရဲစခန်းမှ စစ်ကောင်စီတပ်သားများသည် စခန်းစွန့်ခွာထွက်ပြေးသွားသောကြောင့် မြို့ကို KIA နှင့် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက်ထိန်းချုပ်လိုက်နိုင်ခြင်းဟု ဆိုသည်။

KIAနှင့်နီးစပ်သည့် အထက်ပါသတင်းရင်းမြစ်က “ရတာကတော့ လွန်ခဲ့တဲ့ နှစ်ရက်လောက်တည်းကဆိုပါတော့။ရှင်းလင်းရေး စလုပ်နေပါပြီ။ အကြွင်းအကျန်တွေ့နဲ့ ထိတွေ့မှုတော့ ရှိပါတယ်။ ရှင်းလင်းရေး အပြီးမသတ်နိုင်သေးတဲ့သဘောပါ”ဟု ယနေ့ ဧပြီလ ၂ရက်နေ့နံနက်က ဆက်သွယ်မေးမြန်းမှုကို ပြန်လည်ဖြေကြားသည်။

လက်ရှိတွင် လွယ်ဂျယ်မြို့နှင့် အနီးတဝိုက်၌ကျန်ရှိနေသော စစ်ကောင်စီတပ်သားများကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များကလိုက်လံရှင်းလင်းနေကြောင်း သိရသည်။

” လက်နက်ကြီး နဲ့ အငယ်(လက်နက်ငယ်)ပစ်ခတ်သံတော့ မနက်ကကြားရပြီး ခု ၁၀ နာရီ မထိုးခင် တိတ်ဆိတ်သွားပါပြီ” ဟု KIA နှင့် နီးစပ်သည့် သတင်းရင်းမြစ်က ဆိုသည်။

ထို့ပြင် ထွက်ပြေးသွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် နယ်စပ်ခြံစည်းရိုးကိုဖြတ်၍ တရုတ်နိုင်ငံဘက်သို့ ဝင်ရောက်သွားကြောင်းလည်း ဒေသခံများက ပြောသည်။

” နယ်စပ်ခြံစည်းရိုးက အရင်ကတည်းက ကောင်းကောင်းမွန်မွန်မရှိဘူး။ ဂိတ်ပေါက်နားပဲ ခြံစည်းရိုးကောင်းတာ။ ကျန်တဲ့နေရာတွေကနေ ဖျက်ဆီးပြီး ဝင်ပြေးသွားကြတာရှိတယ်” ဟု ဒေသခံတဦးကပြောသည်။

တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ လုံချွမ်ခရိုင်၊ ကျန်ဖုန်းမြို့နယ်နှင့် နယ်နိမိတ်ချင်းထိစပ်နေသည့် လွယ်ဂျယ်မြို့သည် ၂၀၀၂ ခုနှစ်က ဖွင့်လှစ်ခဲ့သော အိမ်နီးချင်းလေးနိုင်ငံနှင့် ကုန်သွယ်ဂိတ် ၁၀ ခုတွင် တခုအပါအဝင်ဖြစ်သည်။

နယ်စပ်၌တိုက်ပွဲများ ဖြစ်ပွားနေချိန်တွင်ကျန်ဖုန်းမြို့အပါအဝင် ယူနန်ပြည်နယ်အတွင်း ဒေသနှစ်ခု၌ ယနေ့ ဧပြီလ ၂ ရက်နှင့် ၃ ရက်တို့တွင် တရုတ်စစ်တပ်က စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်ကြောင်း တရုတ်ဒေသတွင်း Global Times သတင်းတွင် ဖော်ပြထားသည်။

KIA နှင့်ပူးပေါင်းတပ်ဖွဲ့များသည် မိုးမောက်မြို့နှင့် လွယ်ဂျယ်မြို့တို့ကို ဆက်သွယ်ထားသည့် မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းရှိ စစ်တပ်စခန်းများကို ပြီးခဲ့သည့် မတ်လ ၂၇ ရက်နေ့မှစတင်ကာ ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သည်။ မိုးမောက်-လွယ်ဂျယ်လမ်းပိုင်းမှ အဓိကတပ်စခန်းဖြစ်သည့် စိန်လုံဗျူဟာကုန်းအပါအဝင် စခန်းအားလုံးကို KIAနှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီး လမ်းပိုင်းကိုလည်းထိန်းချုပ်ထားနိုင်ပြီဟု သိရသည်။မိုးမောက်-လွယ်ဂျယ်လမ်းသည် နယ်စပ်ကုန်သွယ်ရေး အဓိကလမ်းဖြစ်သည်။ ယခုအခါ လုံခြုံရေးအခြေအနေအရ အဆိုပါလမ်းပိုင်းအား အသုံးပြု၍မရသေးသလို နယ်စပ်ကုန်သွယ်ရေးလည်း ရပ်တန့်နေကြောင်း သတင်းရရှိသည်။

မိုးမောက်မြို့၌လည်း စစ်ရေးတင်းမာနေပြီး ယနေ့နံနက်အစောပိုင်းတွင် စစ်ကောင်စီပစ်သည့်လက်နက်ကြီးသည် မြို့ပေါ်နေရာအချို့သို့ ကျရောက်ပေါက်ကွဲခဲ့ကြောင်း ဒေသခံများကပြောသည်။ လူထိခိုက်မှုမရှိသော်လည်း အဆောက်အအုံတချို့ ပျက်စီးခဲ့ကြောင်း သိရသည်။

လက်တလောတိုက်ပွဲများကြောင့် လွယ်ဂျယ်ဒေသခံ ၁,၀၀၀ ခန့်သည်နီးစပ်ရာကျေးရွာများ၊ ဘာသာရေးကျောင်းများနှင့် တရုတ်နယ်စပ် နေရာအချို့၌စစ်ရှောင်နေကြပြီး သက်ကြီးရွယ်အိုအချို့ မြို့အတွင်းကျန်ရှိနေသေးကြောင်း၊ စစ်ဘေးရှောင်နေသူများ၏ စားဝတ်နေရေးနှင့် လုံခြုံရေးအတွက် အခက်အခဲများရှိနေကြောင်း Kachin Human Rights Watch- KHRW တာဝန်ရှိသူထံမှ သိရသည်။ ထို့အပြင် မိုးမောက်မြို့ခံအချို့လည်း ယနေ့နံနက်မှစ၍ စစ်ဘေးတိမ်းရှောင်နေကြပြီဟု ဒေသခံများကပြောသည်။

စာတည်း – အေးချမ်း