အန္တာတိကတွင် အရေးပါသော ရင်းမြစ်များနှင့် စစ်ရေးအကျိုးအမြတ်အတွက် တရုတ်က ကာလကြာ လှုပ်ရှားနေဟု အကဲခတ်များ ပြော

Photo credit: Xinhua

The Telegraph

အန္တာတိကတိုက် Inexpressible Island ကျွန်း၏ ရာသီဥတု အလွန်အေးသော တောင်ဘက် ကမ်းရိုးတန်းဒေသတွင် တည်ရှိသည့် တရုတ်၏ သိပ္ပံသုတေသနစခန်းသစ်က ကမ္ဘာ့တောင်ဘက်စွန်း တိုက်ကြီး၌ ပေကျင်း၏ ရည်မှန်းချက်များနှင့်ပတ်သက်ပြီး သတိပေးခေါင်းလောင်းသံများကို ထွက်ပေါ်စေသည်။

ရော့စ်ပင်လယ် (Ross Sea) အနီး ၅,၂၄၄ စတုရန်းမီတာခန့်ကို နေရာယူထားသည့် Qinling အခြေစိုက်စခန်းကို ဖေဖေါ်ဝါရီတွင် ဖွင့်လှစ်ခဲ့ပြီး ယင်းစခန်းသည် ရာသီဥတု အလွန်အေးခဲသော ဆောင်းရာသီလများတလျောက်လုံး လည်ပတ်နိုင်သကဲ့သို့ နွေရာသီတွင် လူ ၈၀ အထိကို နေရာပေးနိုင်သည်။

Qinling စခန်းတွင် ရေခဲပြင်ခွဲသင်္ဘောများအတွက် ဆိပ်ခံတံတားတခု ထည့်သွင်းပါဝင်မည်ဟု ယုံကြည်ရပြီး ယင်းသည် ဩစတြေးလျ၏ Arnhem အာကာသစင်တာသစ်မှ လွှတ်တင်သည့် ဒုံးပျံများနှင့်ပတ်သက်သည့် တယ်လီမက်ထရီ ဒေတာများနှင့် ဩစတြေးလျနှင့် နယူးဇီလန်တို့အပေါ် ဆက်သွယ်မှုထောက်လှမ်းရေးအချက်အလက်များ စုဆောင်းရယူရန် ကျနသည့် နေရာအနေအထားတခုတွင် ရှိနေကြောင်း အမေရိကန်အခြေစိုက် မဟာဗျူဟာနှင့် နိုင်ငံတကာ လေ့လာမှုစင်တာအရ သိရသည်။
ယင်းစခန်းက တရုတ်အတွက် အန္တာတိကတိုက်ထံ ဝင်လမ်းရနိုင်စွမ်းတွင် “အဓိက ကွက်လပ်” တခုကို ကူညီဖြည့်ဆည်းပေးလိမ့်မည် ဖြစ်သည်။

ထိုသုတေသနစခန်းသည် တရုတ်၏ ငါးခုမြောက် စခန်းဖြစ်သကဲ့သို့ ယင်းသည် ယူကေ၊ ရုရှားနှင့် အမေရိကန်အပါအဝင် အန္တာတိကတိုက်ရှိ အခြားသော အဓိက သက်ဆိုင်သူများနှင့် တန်းတူဖြစ်သည်။

အမေရိကန်သည် ယင်း၏ McMurdo အခြေစိုက်စခန်းရှိ အကြီးဆုံး အဆောက်အအုံ အပါအဝင် အန္တာတိကတွင် အကြီးဆုံး သုတေသနဆိုင်ရာ တည်ရှိမှု ဖြစ်သည်။

သို့သော် တရုတ်၏ ခြေရာ တိုးချဲ့မှု အလျင်အဟုန်ကြောင့် ပေကျင်းအနေဖြင့် ယင်း၏ စောင့်ကြည့်ထောက်လှမ်းမှု လုပ်နိုင်စွမ်းများကို တိုးချဲ့ရန်၊ အရေးပါတန်ဖိုးကြီးသော ရင်းမြစ်များနှင့် သင်္ဘောအသွားအလာ လမ်းကြောင်းများအပေါ် မဟာဗျူဟာကျ ထိန်းချုပ်မှု ရယူရန် သို့မဟုတ် ယုတ်စွအဆုံး ၂၀၄၈ ခုနှစ်တွင် အန္တာတိကတိုက်၏ အုပ်ချုပ်မှု သဘောတူစာချုပ် သက်တမ်းကုန်ဆုံးချိန်တွင် ယင်းတိုက်တွင် အနာဂတ် စစ်ရေးဆိုင်ရာ ရှိနေမှုကို ထူထောင်ရန် ရည်မှန်းနေသည် ဆိုပြီး စိုးရိမ်ပူပန်မှုများကို ထွက်ပေါ်စေသည်။

သက်ဆိုင်သူ အားလုံးကဲ့သို့ပင် ပေကျင်းသည်လည်း သိပ္ပံကို ကျော်လွန်ပြီး အန္တာတိကအတွက် ရည်မှန်းချက်များ ရှိနေသည်ဟု ANU အမျိုးသားလုံခြုံရေး ကောလိပ်မှ ကျွမ်းကျင်ပညာရှင် ဒေါက်တာ အဲလီဇဘတ် ဘူချာနန်က The Telegraph ကို ပြောသည်။

“တနေ့နေ့မှာ စီးပွားရေး၊ မဟာဗျူဟာဆိုင်ရာနဲ့ အကျိုးအမြတ်တို့အတွက် ဒီခြေရာအပေါ် အသုံးချဖို့ မျှော်မှန်းလာနိုင်တယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေအရ တရုတ်ဟာ ပိုပြီး လုပ်နိုင်စွမ်း ရှိနေတယ်၊ ပိုပြီး ခိုင်လုံနေတယ် ဆိုတာက အနောက်အုပ်စုအတွက် ပြဿနာ ဖြစ်လာနေတယ်။ ဘယ်လို အခြေစိုက်စခန်းကိုမဆို စစ်ရေး ရည်ရွယ်ချက်တွေအတွက် ပြန်ပြီး ပုံသွင်းနိုင်တယ်” ဟု သူမက ပြောသည်။

ယူကေ၊ ဩစတြေးလျ၊ ပြင်သစ်၊ နယူးဇီလန်၊ နော်ဝေ၊ အာဂျင်တီးနားနှင့် ချီလီ ဆိုသည့် နိုင်ငံခုနစ်နိုင်ငံသည် အန္တာတိကတွင် နယ်မြေတောင်းဆိုမှုများ ကိုင်ဆွဲထားပြီး ယင်းကို အခြားသော နိုင်ငံအများစုက အသိအမှတ်ပြုခြင်း မရှိပေ။

အမေရိကန်နှင့် ရုရှားသည် နယ်မြေအရေးဆိုရန် အခြေခံတခု ရှိသည်။

လက်တွေ့အားဖြင့် အဆိုပါ တိုက်ကြီးကို ၁၉၅၉ အန္တာတိတ် သဘောတူစာချုပ်တွင် ပါဝင်ပတ်သက်သည့်နိုင်ငံများက စီမံအုပ်ချုပ်ပြီး ယင်းသဘောတူစာချုပ်အရ အန္တာတိကတိုက်ရှိ လုပ်ဆောင်ချက်များကို “ငြိမ်းချမ်းသော ရည်ရွယ်ချက်များသက်သက်” အဖြစ်သာ ကန့်သတ်ထားသည်။

စစ်ဖက်အမှုထမ်းများအနေဖြင့် သိပ္ပံဆိုင်ရာ သုတေသနများ လုပ်ဆောင်နိုင်သော်လည်း စစ်အခြေစိုက်စခန်းများ ထူထောင်ခြင်း၊ စစ်ရေးလေ့ကျင့်မှုများ လုပ်ဆောင်ခြင်း သို့မဟုတ် လက်နက်များ စမ်းသပ်ခြင်းတို့အပေါ် ပိတ်ပင်တားမြစ်ထားသည်။

ထို အန္တာတိတ် သဘောတူစာချုပ်ကို ၂၀၄၈ ခုနှစ်တွင် ပြင်ဆင်သွားရန် ရှိနေပြီး ယင်းအချိန်တွင် အချုပ်အခြာအာဏာ တောင်းဆိုမှုအသစ်များကြောင့် ရွှေ၊ ခရိုမီယမ်၊ ယူရေနီယံနှင့် ကျောက်မီးသွေး အပါအဝင် တွင်းထွက်ပစ္စည်းများ၊ ရင်းမြစ်များနှင့် နယ်မြေတို့နှင့်ပတ်သက်၍ ဩဇာလွှမ်းမိုးမှုအတွက် အလုအယက် ကြိုးပမ်းမှုကို ဖြစ်ကောင်းဖြစ်စေနိုင်သည်။

“၁၀ နှစ်၊ အနှစ် ၂၀ ကျော်တွင် အလွန် တန်ဖိုးရှိလာတော့မည့် အဆိုပါ တွင်းထွက်ရင်းမြစ်များအတွက် အာမခံချက်ပေးရန် အနာဂတ်ကာလတွင် နိုင်ငံများအနေဖြင့် ပြိုင်ဆိုင်တိုက်ပွဲဝင်နိုင်သည်” ဟု Royal United Services အင်စတီကျူ့မှ လက်တင်အမေရိက လုံခြုံရေးဆိုင်ရာ အကြီးတန်း သုတေသနအသင်းဝင် ဒေါက်တာ ကားလို့စ် ဆိုလာက ပြောသည်။