ထိုင်းနယ်စပ်တလျှောက်တွင် စစ်ရေးအရ အရှက်ရဖွယ်ရှုံးနိမ့်နေသော မြန်မာစစ်တပ်

၂၀၂၃ တွင် ကရင်ပြည်နယ်၌ တာဝန်ထမ်းဆောင်နေသော ပြည်သူ့ကာကွယ်ရေးတပ်မဟာ (၆ )မှ တပ်ဖွဲ့ဝင်များသည် မြဝတီမြို့တွင် ရှေ့တန်းတာဝန်ယူလျက်ရှိသည်။ တော်လှန်ရေးတပ်ဖွဲ့ဝင်များ ၏ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ ဝန်ထမ်းများ ထိုင်းနိုင်ငံသို့ ထွက်ပြေးကြရသည်။ (ဓာတ်ပုံ-Berry)

ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့ အရှေ့ဘက်ခြမ်း ရှိ စစ်ကောင်စီရုံးများတွင် တာဝန် ထမ်းဆောင်နေကြသော ဝန်ထမ်းများ နှင့် တာဝန်ရှိသူများသည် ဧပြီ ၇ ရက် ည တွင် မြို့မှ စတင်ထွက်ခွာ နေကြရပြီး ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရ ၏ အကြီးမားဆုံး စစ်ရေးနှင့် အုပ်ချုပ်ရေးအရ ရှုံးနိမ့်မှုကြီး ဖြစ်သည်။

စစ်အစိုးရ ၏ စင်းလုံးငှား လေယာဉ် တစင်း သည် မြဝတီ နယ်စပ်ကို ဖြတ်၍ ထိုင်း နယ်စပ် မဲဆောက်မြို့မှ ထွက်ခွာသွားကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် ထိုင်းသတင်းရင်းမြစ်များ အရ သိရသည်။ အဆိုပါ လေယာဉ် ဖြင့် စစ်အစိုးရ အရာရှိများ အပါအဝင် စာရွက်စာတမ်းများနှင့် မြဝတီမြို့ရှိ အစိုးရဘဏ်ခွဲများမှ ငွေသားပိုင်ဆိုင်မှုများ ပါဝင်သွားပြီး “အ‌ရေးကြီး လေယာဉ်ပျံသန်းမှု” ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ချက် တခု အရ သိရသည်။

မကြာသေးမီ ရက်သတ္တပတ်များအတွင်း KNU နှင့် ပြည်သူ့ကာကွယ်ရေးတပ်များသည် မြဝတီမြို့အနီးရှိ စစ်ကောင်စီ စခန်းများကို အရှိန်မြှင့် တိုက်ခိုက်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၆၀၀ ကျော် အပါအဝင် မိသားစုဝင် ၁၄၀ ခန့် သည် KNU ထံ လက်နက်ချခဲ့ကြသည်။ KNU နှင့် PDF တိုက်ခိုက်ရေးသမားများသည် သိမ်းပိုက်ရရှိသော စစ်အခြေစိုက်စခန်းများရှိ လက်နက်ကြီးများနှင့် ခဲယမ်းမီးကျောက်များ သိုလှောင်ထားသည့် နေရာကို ဝင်ရောက်ကြည့်ရှုနေသည့် ဓာတ်ပုံများကို လူမှုကွန်ရက်တွင် ပြီးခဲ့သည့် သီတင်းပတ်က တင်ထားခဲ့သည်။

ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင် (PDF) များ သည် စစ်တပ်အာဏာမသိမ်းမီ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်ထားပြီး ဖြုတ်ချခံရသော နိုင်ငံရေးခေါင်းဆောင်များ ဦးဆောင်သည့် အမျိုးသားညီညွတ်ရေး အစိုးရ ၏ လက်နက်ကိုင်အဖွဲ့ဖြစ်သည်။

ခရီးသည်များသည် ခရီးဆောင်အိတ်များ တင်ဆောင်၍ မြဝတီ မြို့မှ ထိုင်းနယ်စပ် မဲဆောက်မြို့သို့ ဦးတည်၍ နယ်စပ်တံတားအား ဖြတ်ကျော် သွားလာနေသည်ကို ဧပြီ ၇ ညနေ က လူမှုကွန်ရက် တွင် ဓာတ်ပုံများ တင်ထားသည်။ စစ်အစိုးရလက်အောက်ရှိ မြန်မာအမျိုးသားလေကြောင်းလိုင်းပိုင် စင်းလုံးငှားလေယာဉ်သည် မဲဆောက်လေဆိပ် ပြေးလမ်းတွင် ရပ်ထားသည်ကို ဧပြီ ၇ ညပိုင်း က ရိုက်ကူးထားသည့် ဓာတ်ပုံများ အရ သိရသည်။

စစ်အစိုးရနှင့် စစ်အာဏာရှင် ဆန့်ကျင်သော တော်လှန်ရေးတပ်ဖွဲ့များကြား ရက်သတ္တပတ်ကြာ တိုက်ပွဲများ ဖြစ်ပွားပြီးနောက် နယ်မြေရှင်းလင်းရေး နှင့် ရွှေ့ပြောင်းရေး လုပ်ငန်းများ လုပ်ဆောင်ကြသည်။ ကရင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော တိုက်ပွဲများအတွင်း စုစုပေါင်း အသေအပျောက် စာရင်းကို မသိရသေးသော်လည်း စစ်ကောင်စီမှ စစ်ဆင်ရေးများ အရှိန်မြှင့်လုပ်ဆောင်နေ သော်လည်း ၎င်း တို့ဘက်မှ အသေအပျောက် အများအပြား ရှိခဲ့ကြောင်း သတင်းများနှင့် လူမှုကွန်ရက်များတွင် ဖော်ပြကြသည်။ ကရင်ပြည်နယ်တွင် စစ်ပွဲရှောင် နေရသော အရပ်သား ဦးရေ စုစုပေါင်း ၇၀၀,၀၀၀ နီးပါးရှိကြောင်း KNU မှ အချက်အလက်များအရ သိရသည်။

စစ်အစိုးရ နှင့် ထိုင်းအစိုးရတို့အကြား အရေးပေါ် ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် စစ်ကောင်စီ ဘက်မှ အရာရှိများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မိသားစုများကို ကယ်ထုတ်နိုင်ရန် စင်းလုံးငှားလေယာဉ် နှစ်စင်း မဲဆောက်လေဆိပ်သို့ ထပ်မံ စေလွှတ်ခဲ့သည်။ မဲဆောက်တွင် အရပ်သားအချို့ ကို ယာယီ နေရာချထားပေးခဲ့သည်။ ဧပြီလ ၈ နှင့် ၉ ရက်အတွက် လေကြောင်းခရီးစဉ် နှစ်ခုကို မြန်မာ ဘက်မှ ဖျက်သိမ်းလိုက်ကြောင်း ထိုင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက သတင်းထောက်များအား ဧပြီ ၈ မွန်းလွဲပိုင်း တွင် ပြောကြားခဲ့သည်။

ထိုင်း မှ အဓိက အတိုက်အခံ Move Forward ပါတီ၏ ပါလီမန်အမတ် ရန်စီမန် ရုန်းမ် က ထိုင်းအစိုးရနှင့် မြန်မာအစိုးရ ကြား ပူးပေါင်းဆောင်ရွက်မှုကို ရှုတ်ချခဲ့သည်။ “မြန်မာစစ်အစိုးရကို ထောက်ခံတဲ့ ဒီလိုလုပ်ရပ်မျိုး မလုပ်သင့်ဘူး။ အပြစ်မဲ့ပြည်သူတွေ သေကြေပျက်စီးပြီး မြဝတီမြို့ မှာ အပြစ်မဲ့ အရပ်သားတွေ အသေအပျောက် ရှိလာမှာကို တော်တော်များများက စိုးရိမ်နေကြတယ်။ ပြီးတော့ အရပ်သားတွေ ထိုင်း ဘက် ကို ထွက်ပြေးကြရမှာ ကိုလည်း စိုးရိမ်ပါတယ်” ဟု ရန်စီမန် က ဧပြီ ၈ တွင် ၎င်း ၏ X စာမျက်နှာ ၌ ရေးသားခဲ့သည်။

“နိုင်ငံတကာ အသိုက်အဝန်းက ဒီကိစ္စမှာ ထိုင်းနိုင်ငံရဲ့ ပါဝင်ပတ်သက်မှုကို သေချာပေါက်မြင်တွေ့ရမှာ ဖြစ်ပြီး အရေးအကြီးဆုံးကတော့ ပဋိပက္ခကနေ ထွက်ပြေးလာတဲ့ ဒီလူတွေကို လိုက်လျောညီထွေ ဖြစ်စေအောင် လုပ်ဆောင်ပေးနိုင်မှာ ထိုင်း နိုင်ငံက ဘဲ ဖြစ်ပါလိမ့်မယ်” ဟု ၎င်း ကဆိုသည်။

ထိုင်းနှင့် ၎င်း၏ အိမ်နီးချင်းများကြားတွင် လေယာဉ်ခရီးစဉ် အတွက် ညှိနှိုင်းတောင်းဆိုမှုသည် ပုံမှန် ဖြစ်ကြောင်း ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာန (MFA) မှ ပြောသည်။ အဆိုပါ အစီအစဉ်ကို “လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြောင်းပြချက်” ဖြင့် ဘန်ကောက်ရှိ မြန်မာသံရုံး မှ ဧပြီ ၆ တွင် အရေးပေါ် တောင်းဆိုခဲ့ပြီး အလျင်အမြန် အတည်ပြုခဲ့ခြင်း ဖြစ်သည်။

မြဝတီမှ ရန်ကုန်သို့ ဆက်သွယ်ထားသော အာရှလမ်းမကြီးနှင့် အခြားလမ်းများကို မကြာသေးမီ ရက်သတ္တပတ်များအတွင်း တော်လှန်ရေးတပ်များနှင့် စစ်ကောင်စီ တပ်များကြား တိုက်ပွဲများကြောင့် ပိတ်ဆို့ခဲ့သည်။ ၂၀၂၃-၂၀၂၄ အတွင်း ခန့်မှန်းခြေအားဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံ ကုန်းလမ်းကုန်သွယ်မှု အများစုသည် မြဝတီမြို့ ကိုဖြတ်၍ အမေရိကန်ဒေါ်လာ လေးဘီလီယံကျော်သာ ရှိကြောင်း ထိုင်းနှင့် မြန်မာ တရားဝင် အချက်အလက်များအရ သိရသည်။ တော်လှန်ရေးတပ်ဖွဲ့များသည် ၂၀၂၃ အောက်တိုဘာ နှောင်းပိုင်း တွင် မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အနောက်မြောက်ပိုင်း ၌ ထိုးစစ်ဆင် တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် နယ်စပ်တလျှောက် နှင့် အခြား နယ်စပ်ကုန်သွယ်ရေးစခန်း အားလုံးနီးပါးတွင် ပဋိပက္ခများ ပြင်းထန်လာခဲ့သည်။

ထိုအချိန်မှစ၍ မြန်မာစစ်အစိုးရသည် တရုတ် နှင့် မြောက်ပိုင်းနယ်စပ်ရှိ အဓိက နယ်စပ်ကုန်သွယ်ရေး မြို့များ နှင့် အိန္ဒိယ နယ်စပ်တလျှောက် မြို့များကို လက်လွှတ် ဆုံးရှုံးခဲ့ရသည်။

“ထိုင်း နဲ့ နယ်စပ်ကုန်သွယ်ရေးအတွက် ကျွန်တော်တို့ စိုးရိမ်တယ်။ ဒါကြောင့် အခြေအနေကို မြန်မြန်ဆန်ဆန် တည်ငြိမ်အောင် ထိန်းထားနိုင်မယ်လို့ မျှော်လင့်ပါတယ်။ စစ်ကောင်စီ ထိန်းချုပ်ထားတဲ့ နယ်မြေကို ပြန်သိမ်းဖို့ နဲ့ တိုင်းပြည်ကို ပြည်သူတွေဆီ ပြန်အပ်နိုင်ဖို့ က ကျွန်တော် အစီအစဉ်ရဲ့ တစိတ်တပိုင်းဖြစ်တယ်” ဟု KNU မှ သတင်းရင်းမြစ်တစ်ခုက Nikkei Asia သို့ ပြောကြားခဲ့သည်။

စစ်အစိုးရ သည် မြန်မာ နိုင်ငံ အခြားဒေသများ ကဲ့သို့ မြဝတီမြို့ကို လေကြောင်းမှ ဗုံးကြဲလိမ့်မည်ကို လုံခြုံရေးနှင့် သံတမန်ရေးရာ အဖွဲ့အစည်း အများအပြားက စိုးရိမ်ကြောင်း ထိုင်းအာဏာပိုင်များက သီးသန့်ထုတ်ဖော်ပြောဆိုသည်။

“ပွင့်ပွင့်လင်းလင်းပြောရရင် အခြေအနေက အန္တရာယ်ရှိတယ်။ အရပ်သားသေဆုံးမှုတွေ ပိုများလာနိုင်ပြီး ထိုင်းနိုင်ငံထဲကို ဒုက္ခသည်တွေ အများအပြား ပို့လိုက်တာဖြစ်တယ်” ဟု ထိုင်းအရာရှိတဦးက မှတ်ချက်ပြုသည်။

မြဝတီမြို့မှ စစ်ရေးတင်းမာမှု အခြေအနေကို လျှော့ချရန် နှင့် အရပ်သားများကို ကယ်ဆယ်ရန် အဆင်သင့်ဖြစ်နေကြောင်း ဝန်ကြီးချုပ် စရီသာ သပ်ဗင်စင် က အစိုးရအိမ်တော် တွင် လုံခြုံရေးအေဂျင်စီများ၊ သံတမန်များနှင့် တွေ့ဆုံချိန်၌ ပြောကြားခဲ့သည်ဟု ထိုင်းနိုင်ငံခြားရေး ဝန်ကြီးဌာနက ဧပြီ ၈ တွင် ထုတ်ပြန်သည်။

စစ်ကောင်စီ ခြေမြန်တပ် ခမရ (၂၇၅ )မှ တပ်ဖွဲ့ဝင် ၄၀၀ ကျော် တို့သည် ဧပြီ ၇ ရက် ည တွင် လက်နက်ချရန် ညှိနှိုင်းခဲ့သည်။ ထိုင်းအစိုးရထံ အကူအညီ တောင်းဆိုထားသည့်အတိုင်း လက်နက်ချသူများ၊ မြဝတီ မှ အစိုးရအရာရှိများနှင့် ဝန်ထမ်းများကို မဲဆောက်လေဆိပ်မှ တဆင့် ပြန်လည်ခေါ်ဆောင်ရန် စစ်ကောင်စီမှ ထုတ်ပြန်ထားသော် လည်း ဧပြီ ၆ ရက် တွင် လက်နက်ချခဲ့သော တပ်ဖွဲ့ဝင် ၆၀၀ ကျော်မှ မည်မျှကို ပြန်ပို့ခဲ့ကြောင်း ရှင်းရှင်းလင်းလင်း မသိရသေး‌ပေ။

ယခု လက်နက်ချ အညံ့ခံမှု သည် အာဏာသိမ်းပြီး မကြာမီ က အတိုက်အခံအားလုံးကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်၍ ချေမှုန်းမည်ဟု ကတိပြုခဲ့သော စစ်အစိုးရ အကြီးအကဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အတွက် အရှက်ရဆုံး ရှုံးနိမ့်မှုများထဲမှ တခု ဖြစ်သည်။

“မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့ လွတ်မြောက်ရေးဟာ တော်လှန်ရေးရဲ့ အပြောင်းအလဲတခုပါပဲ” ဟု Sussex တက္ကသိုလ်မှ မြန်မာ့အရေး ကျွမ်းကျင်သူနှင့် ကထိက ဒေးဗစ် ဗရီနာ က လူမှုမီဒီယာတွင် ရေးသားခဲ့သည်။ “တော်လှန်ရေး သမားတွေ သိမ်းပိုက်ရရှိခဲ့တဲ့ မြို့ ဟာ မြို့ပြ ဗဟိုချက် မဟုတ်ပေမယ့် ခုခံထောက်ပံ့ပို့ဆောင်ရေးရဲ့ အသွင်အပြင်ကို လုံးဝအသစ်အဆန်းအဖြစ် အသွင်ပြောင်းသွားနိုင်တယ်” ဟု ၎င်း ကပြောသည်။

မြဝတီသည် အရေးပါသော ကုန်သွယ်ရေးစခန်းတခုဖြစ်သည့်အပြင် ကာစီနိုများနှင့် ဆက်စပ် ငွေလိမ်ဂိုဏ်းများအတွက် အဓိကထောက်ပံ့ပို့ဆောင်ရေး နေရာတခုလည်းဖြစ်သည်။ မြဝတီမြို့ မြောက်ဘက်တွင် လူပေါင်း ၁၂,၀၀၀ ခန့် ရှိသော ရွှေကုက္ကိုလ် သည် ပဋိပက္ခအတွင်း ထိခိုက်မှု မရှိကြောင်း ဒေသခံများက ဆိုသည်။ အဆိုပါ ဒေသကို ထိန်းချုပ်သည့် ရာဇ၀တ်ဂိုဏ်းဖြစ်သော Yatai IHG သည် ဧပြီလ ၁၃ မှ ၁၆ အထိ မြန်မာနှင့် ထိုင်းနှစ်သစ်ကူးပွဲကြီးကျင်းပမည့် အစီအစဉ်များကို ဆက်လက်၍ လူသိရှင်ကြား ထုတ်ပြန်နေကြောင်း သုံးသပ်သူတဦးက ဆိုသည်။

“မြဝတီမြို့ရဲ့ ဗျူဟာမြောက် နေရာတွေမှာ စစ်အာဏာရှင်တွေရဲ့ ရှုံးနိမ့်မှုတွေက သူတို့ ထိန်းချုပ်ထားတဲ့ မြဝတီနဲ့ ကပ်လျက် သောင်ရင်းမြစ်တလျှောက် မှာ ရာဇ၀တ်မှုတွေ ကြီးထွားလာစေပြီး မတည်ငြိမ်မှုတွေ ကြီးထွားလာနေပါတယ်” ဟု အမေရိကန် အခြေစိုက် တွေးခေါ်ပညာရှင်များအဖွဲ့ United States Institute of Peace မှ မြန်မာနိုင်ငံဆိုင်ရာ ဒါရိုက်တာ ‌ဂျေဆန်တာဝါ က ပြောသည်။ ရာဇ၀တ်ဂိုဏ်းများအနက် အကြီးဆုံးဖြစ်သော နယ်ခြားစောင့်တပ် (BGF) သည် မြန်မာစစ်တပ် ၏ အကာအကွယ်အောက်တွင် ဆက်လက် လည်ပတ်နေသော်လည်း စစ်တပ် နှင့် ဆက်ဆံရေး ဖြတ်တောက်ရန် ရည်ရွယ်ချက်ကို တိုးမြင့်လာကြောင်း တာဝါက မှတ်ချက်ပြုသည်။

သို့သော် KNU နှင့် ဆက်စပ်တပ်ဖွဲ့များသည် မြန်မာစစ်ကောင်စီတပ်များအား ဒေသတွင်းမှ တိုက်ထုတ်နိုင်ခြင်း နှင့် အတူ “မြန်မာစစ်တပ်နှင့် ၎င်း၏ နယ်ခြားစောင့်တပ်ကြောင့် ဖြစ်ပွားသော ရာဇ၀တ်မှုဆိုင်ရာ အကျပ်အတည်းများ နှင့် ကြုံတွေ့ရလိမ့်မည်” ဟု ၎င်းက သတိပေးခဲ့သည်။