AA နှင့် တိုက်ပွဲကြောင့် နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၂၀၀ နီးပါး ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး

ရခိုင်နယ်ခြားစောင့်တပ် (ပုံဟောင်း)

မဇ္ဈိမ

ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်တွင် ဖြစ်ပွားသော ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများကြောင့် စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၁၇၉ ဦး ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲသို့ ထွက်ပြေးလာကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြား စောင့်တပ်ဖွဲ့ (BGB) ပြောခွင့်ရသူ Shariful Islam ၏ ပြောကြားချက်ကို ကိုးကားပြီး Benar News က ဖော်ပြသည်။

ထိုနယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် ယမန်နေ့ မတ်လ ၁၁ ရက်နေ့တွင် Jamchari နယ်စပ်ကင်းစခန်းမှတဆင့် အရှေ့တောင်ပိုင်း Bandarban ခရိုင်ခွဲသို့ ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဆိုသည်။

အဆိုပါ နယ်စပ်တိုက်ပွဲကြောင့် အသက် ၄၃ နှစ်အရွယ် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားတဦးလည်း ကျည်ဆန်ထိမှန် ဒဏ်ရာရရှိသွား၍ ကော့ဘဇားဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်းလည်း ပြောထားသည်။

ရက္ခိုင့်တပ်တော် (AA) ၏ မတ်လ ၁၁ ရက်နေ့ သန်းခေါင်ယံ ထုတ်ပြန်ချက်တွင် မြန်မာ- ဘင်္ဂလားဒေ့ရှ်နယ်စပ်တွင် နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေပြီး နယ်ခြားစောင့်တပ်ဖွဲ့ဝင် အများအပြား တဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းသို့ နယ်စပ်ဖြတ်ကျော် ထွက်ပြေးသွားကြောင်း ဖော်ပြထားသည်။

ရခိုင်ပြည်နယ်အတွင်းက ‌အရေးပါသော မြို့များကို လက်လွှတ်ထားရသော စစ်ကောင်စီဘက်ကမှု ယခုသတင်းနှင့် ပတ်သက်ပြီး ထုတ်ပြန်အတည်ပြုခြင်း၊ ငြင်းဆိုခြင်း တစုံတရာ မရှိသေးပေ။

ရက္ခိုင့်တပ်တော် (AA) နှင့် စစ်ကောင်စီတပ်တို့အကြား ပြင်းထန်နေသော နယ်စပ်တိုက်ပွဲများကြောင့် ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်းကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးခဲ့ကြသည်။

အဆိုပါ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့၏ လက်နက်ကိုင် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များကို ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက မြန်မာစစ်ကောင်စီထံသို့ ပြန်လည်လွှဲပြောင်းပေးခဲ့သည်။

စာတည်း။ ။ နောင်နောင်