ဝိုင်းမော်တိုက်ပွဲအတွင်းစစ်ဘေးရှောင် ၁,၀၀၀ ကျော်ပိတ်မိ‌နေပြီး သောက်သုံးရေနှင့်စားနပ်ရိက္ခာပြတ်လပ်‌

တိုက်ပွဲအတွင်း ပိတ်မိနေသည့် ပြည်သူများ/ ဓာတ်ပုံ − ဝါရှောင်ဆရာတော် လူမှုကွန်ရက်စာမျက်နှာ။

ရွှေနွယ်

(မဇ္ဈိမ)။ ။ကချင်ပြည်နယ်၊ဝိုင်းမော်မြို့နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဖွဲ့တို့ဖြစ်ပွားနေသည့် တိုက်ပွဲကြားတွင် ပိတ်မိနေသည့် ဒေသခံ ၁,၀၀၀ကျော်သည် သောက်သုံးရေနှင့် စားနပ်ရိက္ခာပြတ်လပ်နေပြီး ယင်းနေရာမှ ထွက်ခွာခွင့်ရရေး ကြိုးပမ်းနေသည်။

ဝိုင်းမော်မြို့ မြစ်ကြီးနား− ဗန်းမော်လမ်းပိုင်းမှ အောင်မြေ(၁)၊ အောင်မြေ(၂)နှင့် ရွှေညောင်ပင်ကျေးရွာတို့တွင် စစ်ကောင်စီတပ်နှင့် KIA ပူးပေါင်းတပ်ဖွဲ့များသည် မတ်လ ၉ရက်တွင် တိုက်ပွဲစတင်ဖြစ်ပွားခဲ့ပြီး ဒေသခံများပိတ်မိနေခြင်းဖြစ်သည်။

အောင်မြေ (၂)ကျေးရွာ၏ ရွာဦးဘုန်းတော်ကြီးကျောင်းတွင်စုပေါင်း၍ စစ်ရှောင်နေကြသော ရွာသူရွာသား ၁,၀၀၀ ခန့်သည် ဘုန်းကြီးကျောင်း ပရဝုဏ်ကျဉ်းမြောင်းခြင်း၊ ရေလောင်းအိမ်သာ ငါးလုံးသာရှိခြင်း၊ ကျောင်းအတွင်းနှင့် အနီးရှိ ရေတွင်းများမှာ ရေခမ်းနေသောကြောင့် သောက်ရေ သုံးရေမရရှိခြင်းနှင့် စားနပ်ရိက္ခာပြတ်လပ်ခြင်းတို့ ကြုံတွေ့နေရသည်ဟု စစ်ရှောင်တဦးက မဇ္ဈိမကိုပြောသည်။

“ရေတွင်းက နွေလည်းဖြစ်တော့ ရေခမ်းနေတယ်။ ကျောင်းကရေတွင်းရေခမ်းတော့ ဒီအနီးကပ်လျက်အိမ်တွေ၊ဝန်းတွေထဲက တွင်းတွေကိုသုံးတယ်။ အခုတော့ အဲ့တာတွေလည်း ခမ်းကုန်ပြီ။ အဝေးလည်းမသွားရဲကြဘူး။ သောက်ရေက လုံးဝပြတ်နေပြီ။ ရေနောက်နောက်ကျန်တာကိုပဲ သောက်နေကြရတယ်” ဟု စစ်ရှောင်တဦးက မဇ္ဈိမကိုပြောသည်။

ယမန်နေ့ မတ်လ ၁၁ ရက်နေ့ ညနေပိုင်း တိုက်ပွဲမဖြစ်ပွားမီ ရေတွက်ထားသည့် စာရင်းအရ အဆိုပါ ဘုန်းကြီးကျောင်းတွင် ရောက်ရှိနေသည့် စစ်ရှောင်လူဦးရေမှာ အိမ်ထောင်စု ၁၇၆ ခု၊ အမျိုးသား ၄၆၅ဦးနှင့် အမျိုးသမီး ၄၉၁ ဦး၊ စုစုပေါင်းလူဦးရေ ၉၅၆ ဦးရှိကြောင်းနှင့် ထပ်မံရောက်ရှိလာသူများလည်းရှိသောကြောင့် လူဦးရေ ၁,၀၀၀ ခန့်ရှိနေသည်ဟု သိရသည်။ ရွှေညောင်ပင်ကျေးရွာမှ ပြည်သူအချို့လည်း အောင်မြေ(၂) ရွာဦးဘုန်းကြီးကျောင်းသို့ လာရောက်တိမ်းရှောင်နေကြကြောင်း သိရသည်။

“လမ်းဆိုဒ်ကလူတွေ၊ ဆောက်လုပ်ရေးကလူအချို့လည်း ဒီထဲမှာရှိကြတယ်။ အများစုကတော့ ဒီရွာက ရွာခံတွေပါ။ လောလောဆယ်မှာ ရေကအဓိကဖြစ်နေတယ်။ စားစရာကတော့ ဒီလိုမှ မဟုတ်ရင်တော့ တအိုးထဲကို ကျိုလိုက်ကြတော့လို့၊ ဆန်ပြုတ်ပဲဖြစ်ဖြစ် အများဝိုင်းသောက်ကြလို့ ပြောနေကြရတယ်” ဟု အောင်မြေ(၂)ကျေးရွာဒေသခံက ပြောသည်။

ထိုသို့ ပိတ်မိနေသည့် ပြည်သူများ ထွက်ခွာခွင့်ရရှိစေရန်အတွက် လက်ရှိတွင် ဒေသတွင်း ဩဇာကြီးမားသည့်ဝါရှောင်ဆရာတော်၊ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ်(KBC)၊ ကချင်ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့(PCG)တို့က နယ်မြေခံစစ်ကောင်စီတပ်ထံ တောင်းဆိုထားကြောင်း သိရသည်။

“ဘုန်းဘုန်းတို့ ကယ်ထုတ်ဖို့နည်းလမ်းတွေကို စဉ်းစားနေပါတယ်။ စစ်ဗျူဟာတွေကတော့ ဘုန်းဘုန်းတို့မသိတဲ့ကိစ္စတွေပါ။ ပြည်သူတွေကတော့ အမြန်ထွက်ချင်နေပြီ။ ကျည်မှန်ထားသူလည်းရှိတယ်။ ခုထိမထုတ်ရသေးဘူး။ KIA ကတော့ အဲ့မှာမရှိတော့ဘူးပြောတယ်။ စစ်တပ်က ထွက်ခွင့်ပေးရင်ပြီးသွားပါပြီ” ဟု ဝါရှောင်ဆရာတော်က မိန့်ကြားသည်။

ရွှေညောင်ပင်ကျေးရွာမှ အသက် ၃၀ ကျော်အရွယ်အမျိုးသမီးတဦးသည် ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့က ပေါင်ကျည်ထိမှန်ဒဏ်ရာရရှိထားပြီး လက်ရှိအချိန်အထိ ဘေးလွတ်ရာသို့ထွက်ခွာ၍ မရသေးသောကြောင့် ဆေးကုသမှုမခံယူရသေးကြောင်း သိရသည်။ ယမန်နေ့ မတ်လ ၁၁ ရက်နေ့ မွန်းလွဲပိုင်းကလည်း ဝါရှောင်ဆရာတော်နှင့် အခြားသောဒေသတွင်းအဖွဲ့အစည်းများမှ ပူးပေါင်း၍ ပိတ်မိနေသူများအား ကယ်ထုတ်ရန် ကားအစီးရေ ၂၀ ခန့်ဖြင့် သွားရောက်ခဲ့သော်လည်း လမ်းခုလတ်တွင် လက်နက်ကြီးပစ်ခတ်သံများကြားရသောကြောင့် လှည့်ပြန်ခဲ့ရကြောင်း သိရသည်။အဆိုပါ ကျေးရွာများသည် ဝိုင်းမော်မြို့နှင့် ခုနစ်မိုင်ကျော်၊ KIA ဌာနချုပ်တည်ရှိရာလိုင်ဇာမြို့နှင့် ၄၄ မိုင်ကျော်ကွာဝေးပြီး မြစ်ကြီးနား−ဗန်းမော်ကားလမ်းပေါ်တွင် တည်ရှိသည်။

အောင်မြေ(၁)ကျေးရွာနှင့် ရွှေညောင်ပင်ကျေးရွာတို့မှ ပိတ်မိကျန်ရှိနေသည့် စ‌စ်ဘေးရှောင် အရေအတွက်ကို မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

မြစ်ကြီးနား – ဗန်းမော်လမ်းပိုင်းတွင်KIA၊ရက္ခိုင့်တပ်တော် (AA)၊ PDF ပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ကြား ပြီးခဲ့သည့် မတ်လ ၇ ရက်နေ့မှစတင်ကာ စစ်ရေးတင်းမာနေပြီး တိုက်ပွဲများဖြစ်ပွားနေသည်။ မတ်လ ၉ ရက်နေ့ကမူ အောင်မြေ (၁) ကျေးရွာရှိ စစ်ကောင်စီ၏ အင်လုံခတပ်စခန်းကို KIA နှင့် ပူးပေါင်းတပ်ဖွဲ့များက သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ကြောင်း ဒေသခံများက ပြောဆိုသော်လည်း မဇ္ဈိမမှ ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

စာတည်း – အေးချမ်း