‌ကော်ဘရာစစ်‌ကြောင်းက ပခုံးထမ်း လေယာဉ်ပစ်လက်နက်အချို့ ထုတ်ဖော်ပြသ

002

(မဇ္ဈိမ)။ ။ ကရင်ပြည်နယ်တွင် KNLA လက်အောက်ခံ ကော်ဘရာ စစ်‌ကြောင်းက ပခုံးထမ်း လေယာဉ်ပစ်လက်နက်အချို့ကို ထုတ်ဖော်ပြသလိုက်သည်။

ကော်ဘရာစစ်‌ဆင်‌ရေးမှူး ဗိုလ်ဒါဘော‌နှင့် စစ်ကြောင်းမှူး ဗိုလ်စောကောတို့ ယင်းလက်နက်များကို ကိုင်ဆောင်ထားသည့်ဓာတ်ပုံကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

အဆိုပါလက်နက်များမှာ ပခုံးထမ်းလေယာဉ်ပစ် MANPADS များဖြစ်ပြီး အပူနောက်လိုက်၊ မြေပြင်မှ ဝေဟင်ပစ် ဒုံးကျည်များဖြစ်သည်ဟု စစ်လက်နက်ပစ္စည်းများအ‌ကြောင်း ရေးသားဖော်ပြလျက်ရှိသည့် Tactical Raptor က ဆိုသည်။

ဖော်ပြထားသည့် ပခုံးထမ်းလေယာဉ်ပစ် MANPADS များမှာ HN 5 အမျိုးအစား ပထမမျိုးဆက်လေယာဉ်ပစ် လက်နက်များဖြစ်သည်ဟု Tactical Raptor က ဆိုသည်။

“၁၉၇၀ ကျော်က ဒီဇိုင်းလုပ်ခဲ့တဲ့ 1st generation MANPADS ဖြစ်တာမို့လို့ တိုက်လေယာဉ်တွေကို ခြိမ်းခြောက်ဟန့်တားနိုင်ဖို့ မလွယ်လှပါဘူး။ ဗုံးလာကြဲတာတွေကို ပစ်ချနိုင်မှာမဟုတ်သေးပါဘူး။ Mi-35, Mi-8 လို ရဟတ်ယာဉ် နဲ့ Y-12 လို လေယာဉ်တွေကိုတော့ ထိရောက်မှုရှိနိုင်တယ် ”ဟု Tactical Raptor က ‌ပြောသည်။

HN -5 ၏ ပစ်ခတ်မှုအားမှာ မီတာ ၈၀၀ မှ မီတာ ၄,၄၀၀ အထိ ရှိနိုင်ပြီး ပစ်ခတ်ပြီး ၁၅ စက္ကန့်အတွင်း ထိရောက်မှုမရှိပါက အလိုအလျောက် ပေါက်ကွဲသည်ဟု Tactical Raptor က ဆိုသည်။

“တိုင်းရင်းသားလက်နက်ကိုင်‌‌တွေအနေနဲ့ MANPADS တွေ ထုတ်ပြတယ်ဆိုတာ တော်တော်လေးတွေ့ရခဲပါတယ်။ KNLA တပ်ဖွဲ့တွေအနေနဲ့တော့ ဒီလပိုင်းအတွင်း လူမြင်ကွင်းမှာ MANPADS တွေနဲ့ တွေ့ရတာ နှစ်ကြိမ်ရှိလာတာက ထူးခြားပါတယ်။ လောလောဆယ် ကရင်ဘက်မှာ ဒါတွေသုံးပြီး ပစ်ချနိုင်တာတော့ မတွေ့ရသေးပါဘူး။ ပစ်ချနိုင်တာမရှိသေးပေမယ့် စကစလေတပ်ရဲ့ ပိုပြီး vulnerable(ထိခိုက်လွယ်) ဖြစ်တဲ့ ရဟတ်ယာဉ်တွေအတွက်တော့ mission planning တွေမှာ ခေါင်းကိုက်စေမှာပါ ”ဟု Tactical Raptor က ‌သုံးသပ်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)