စစ်ကောင်စီတပ်က ဒေသခံကိုဖမ်းဆီးသတ်ဖြတ်၊ လေကြောင်းတိုက်ခိုက်၍ နေအိမ် ၁၄လုံးပြာကျ

ထိုမာရွာတွင် စစ်ကောင်စီတပ်လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှုကြောင့် ပျက်စီးသွားသောလူနေအိမ်မြင်ကွင်းအချို့ /ဓာတ်ပုံ- CJ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ဘက် ထိုမာရွာတွင် စစ်ကောင်စီတပ်က ဒေသခံတဦးကိုဖမ်းဆီးသတ်ဖြတ်သွားပြီး လေကြောင်းနှင့် လက်နက်ကြီးပစ်ခတ်မှုတို့ကြောင့် လူနေအိမ် ၁၄လုံးမီးလောင်ပြာကျသွားကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပကဖ) သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူထံမှ သိရသည်။

“စ – (စစ်ကောင်စီတပ်သား)တွေ လက်နက်ကြီး‌လောင်မီးဗုံးနဲ့ Mi-35ပစ်ခတ်ယုတ်မာမှုကြောင့် ထိုမာနေပြည်သူ့ အိမ် ၁၄လုံး ၊ နွားစားတိုက်၊ စပါးတိုက်တွေလည်း လောင်ကျွမ်းပါတယ်။ နယ်မြေ(၁)နဲ့ နယ်မြေ (၆)ထဲက နေအိမ်တွေ မီးလောင်တာပါ။ အပြစ်မဲ့ပြည်သူတဦးလည်း စစ်တပ်က ဖမ်းပြီးသတ်ဖြတ်ထားပါတယ်။ ”ဟု ကလေးမြို့နယ် (ပကဖ)သတင်းနှင့်ပြန်ကြားရေးတာဝန်ရှိသူ နွေဦးက မဇ္စျိမကို ပြောသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ထိုမာရွာသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်သားများသည် နယ်မြေ(၅)ထဲရှိ ကိုမျိုးနိုင်ထွန်း(ခ)ခေါင်းစောင်း (အသက် ၄၂နှစ်)ကို ဖမ်းဆီးသွားပြီး ၎င်း၏ အရိုးစုကို မတ်လ ၁၁ရက်နေ့တွင် ရွာထဲ၌ တွေ့ရှိခဲ့ခြင်းဖြစ်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်သွားသော ကိုမျိုးနိုင်ထွန်းသည် စိတ်ကျန်းမာရေးမကောင်းသူဖြစ်ပြီး စစ်ကောင်စီတပ်များ ရွာထဲစဝင်လာသော ဖေဖော်ဝါရီလ ၂၈ရက်နေ့တွင် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ထိုမာရွာတွင် တပ်စွဲထားစစ်ကောင်စီတပ်များနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များအကြား တိုက်ပွဲများပြင်းထန်ခဲ့ပြီး ဖေဖော်ဝါရီလ ၉ရက်နေ့တွင် စစ်ကောင်စီတပ်မှ MI-35 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်သလို လက်နက်ကြီးများဖြင့်လည်း ဆက်တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်များ ထိုမာရွာကို လေကြောင်းအသုံးပြုတိုက်ခိုက်နေသည့်အပေါ် ကလေးမြို့နယ် (ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူက

“ထိုမာရွာက တောင်သူကြီးပေါတယ်။ ပစ္စည်းဥစ္စာပေါများတယ်။ စ – (စစ်ကောင်စီတပ်သား)များအတွက် ရိက္ခာလုံလောက်မှု ရနိုင်တဲ့ရွာပါ။ စ – တွေက တော်လှန်ရေးရဲဘော်များက မြို့သိမ်းမယ့်သတင်းကိုရပြီးတော့ သူတို့အထိုင်တပ် GTC(ကျောင်းနည်းပညာတက္ကသိုလ်) အနီးတဝိုက်ကို တပ်ဖြန့်ထားတာလည်း ဖြစ်နိုင်ပါတယ်။” ဟု သုံးသပ်ပြောသည်။

ကလေးမြို့နယ်မှာ စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များစစ်ရေးတင်းမာနေသောကြောင့် ကလေးမြို့နယ်တောင်ပိုင်းလမ်းမကြီးအား လုံခြုံရေးအခြေအနေအရ မတ်လ ၁၁ ရက်နေ့မှစ၍ အသွားအလာပိတ်ပင်ထားကြောင်း ကလေးမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှ သတင်းထုတ်ပြန်ထားသည်။

လက်ရှိ ထိုမာရွာနယ်မြေ (၇)ထဲတွင် စစ်ကောင်စီတပ်များတပ်စွဲထားဆဲဖြစ်ပြီး စစ်ရေးတင်းမာနေဆဲဖြစ်ကာ ယနေ့ မတ်လ ၁၂ရက်နေ့တွင်မူ နှစ်ဘက်ပစ်ခတ်မှု ငြိမ်သက်နေဆဲဖြစ်ကြောင်း ကလေးမြို့နယ် (ပကဖ) သတင်းနှင့် ပြန်ကြားရေးတာဝန်ရှိသူ ထံမှသိရသည်။

ထို့အပြင် ထိုမာရွာမှ သုံးမိုင်ခန့်သာကွာဝေးသော သာယာဝတီလမ်းခွဲဝန်းကျင်တွင် စစ်ကောင်စီတပ်များမှ စောင့်ကြည့်ကင်းတပ်ဖြန့်ထားကြောင်းလည်း ၎င်းကဆိုသည်။

မတ်လ ၂ရက်နေ့တွင် ကလေးမြို့နယ်တောင်ပိုင်း ထိုမာရွာမှ ထွက်လာသော ခမရ (၇၀၃)တပ် နှင့် ပျူစောထီးပူးပေါင်း အင်အား ၆၀ခန့်ကို ထိုမာနှင့်သာယာကုန်းရွာကြား ဆပ်သချောက်၌ ကာကွယ်ရေးပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရှစ်ဦးသေဆုံးကာ လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိကြောင်း NUG၊ ကာကွယ်ရေးဝန်ကြီးဌာန၊ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ထားသည်။

လက်ရှိတွင် ထိုမာရွာ၊ သာယာကုန်း၊ ကြာအင်းနှင့် ထောက်ကြန့်ကျေးရွာများရှိ ဒေသခံများ နီးစပ်ရာ တောတောင်များအတွင်း တိမ်းရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကလေးမြို့ပတ်ဝန်းကျင်နှင့် မြို့အတွင်းသို့ စစ်ရေးအရှိန်အဟုန် တိုးမြှင့်တိုက်ခိုက်တော့မည်ဖြစ်၍ ပြည်သူများအနေဖြင့် မြို့အတွင်းမှ ထွက်ခွာရန် ကလေးခရိုင် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဖေဖော်ဝါရီလ ၂၆ ရက်နေ့တွင် သတိပေးထားပြီးနောက် တိုက်ပွဲများဆက်လက်ပြင်းထန်လာခြင်းဖြစ်သည်။

စာတည်း – သန့်ဇော်(သန်လျင်)