မေတ္တာမြို့တွင် တိုက်ပွဲဆက်ဖြစ်၊ စစ်ကောင်စီက ၂ ရက် ဆက်တိုက် လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်

ကိုရွှေမြိတ်

(မဇ္ဈိမ)။ ။တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်၊ မေတ္တာမြို့တွင် စစ်ကောင်စီတပ်နှင့် KNLA-ပြည်သူ့ကာကွယ် ရေး ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုများရှိကြောင်း သိရသည်။

စစ်ကောင်စီလေတပ်က မေတ္တာမြို့ကို မတ်လ ၁၁ ရက်နေ့ နေ့လယ် ၁၂ နာရီခန့်တွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲခဲ့ပြီး မတ်လ ၁၂ ရက် ယနေ့နံနက်ပိုင်းကလည်း ထပ်မံဗုံးကြဲခဲ့ကြောင်း ဒေသခံများကပြောသည်။

“နှစ်ဖက်တိုက်ပွဲကတော့ တောက်လျှောက်ဖြစ်နေတာပါ၊ မနေ့ကတိုက်ပွဲမှာ စစ်ကောင်စီတပ်က ပိုပြီး အထိနာတယ်။ ကျွန်တော်တို့ တော်လှန်ရေးအင်အားစုဖက်မှာလည်း အနည်းငယ် ထိခိုက်ကျဆုံးတာတော့ ရှိတယ်”ဟု တနင်္သာရီတိုင်းစစ်ဌာနမှ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

စစ်ကောင်စီက လေယာဉ်ဖြင့်ဗုံးကြဲတိုက်ခိုက်နေသည့် မေတ္တာမြို့မှာ မီးလောင်ပျက်စီးနေပြီး ဒေသခံ အများစုမှာ တိမ်းရှောင်နေရကြောင်း စစ်ဘေးရှောင်များကူညီပေးနေသူများထံမှ သိရသည်။

“အခု ဒီဖက်မှာ ဖုန်းလိုင်းတွေလည်း ဖြတ်ခံထားရတယ်၊ တိုက်ပွဲဖြစ်လိုက် စစ်တပ်ကလေယာဉ်နဲ့ဗုံးလာ ကြဲလိုက်နဲ့ အသက်ကြီးရွယ်အိုစစ်ရှောင်တွေ အတော်လေးဒုက္ခရောက်နေရတယ်”ဟု မေတ္တာမြို့၊ တောင် သုံးကျေးရွာမှ စစ်ရှောင်တဦးကပြောသည်။

ယခု မတ်လအတွင်း တိုက်ပွဲများနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် မေတ္တာမြို့ အပါအဝင် ထားဝယ် အရှေ့သစ်တောမှ ဒေသခံ ၇,၀၀၀ ကျော်သည် အနီးနားရှိတောတောင်များနှင့် စစ်ရှောင်စခန်းများသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဒေါနတနင်္သာရီ – စစ်ဘေးရှောင်များအထောက်အကူပြုရေးအဖွဲ့ထံမှ သိရသည်။

စာတည်း။ ။စောဖေ