စုကလိစခန်းမှ စစ်ကောင်စီတပ်သားများ လက်နက်ချပူးပေါင်းရန် KNLA နှင့် KNDO အကြောင်းကြား

စုကလိစခန်းမှ စစ်ကောင်စီတပ်သားများ လက်နက်ချပူးပေါင်းရန် KNLA နှင့် KNDO အကြောင်းကြား

YT
မဇ္ဈိမ။ ။ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တောင်ဘက်ရှိ စုကလိစခန်းမှ တပ်ရင်းမှူးနှင့် စစ်ကောင်စီ တပ်သားများ လက်နက်ချပူးပေါင်းရန် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)နှင့် ကရင် အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNDO)က အကြောင်းကြားစာ ပေးပို့ခဲ့ကြောင်း သိရသည်။
အဆိုပါ အကြောင်းကြားစာကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်ရင်း (၁၀၃) တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောသေဂေးနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (KNDO) တပ်ရင်း (၈) တပ်ရင်းမှူး ဒုတိယ- ဗိုလ်မှူးကြီးစောအယ်မြထူးတို့က လက်မှတ်ထိုးပြီး စုကလိစခန်းရှိ ခြေမြန် တပ်ရင်း ခမရ (၅၆၀) မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး သူရိန်ဦးထံ လိပ်မူပေးပို့ထားခြင်းဖြစ်သည်။
လူမှုကွန်ရက်၌ပျံ့နှံ့နေသောအဆိုပါစာသည် မှန်ကန်ကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) တပ် မဟာ (၆) ခရိုင်အတွင်းရေးမှူး ပဒိုစောလစ္စတန်က မဇ္ဈိမကို အတည်ပြုပြောဆိုသည်။
“အကြောင်းကြားစာပို့တာ ဟုတ်ပါတယ်။ သူတို့ အေးဆေးပဲ ဖိတ်ခေါ်ပါမယ်တဲ့၊ အဲဒါ အဆင်မပြေမှ နောက်တနည်း စဥ်းစားကြမယ်ဆိုပါတယ်။ ဘယ်လို နည်းလဲတော့မသိဘူး” ဟု ပဒိုစောလစ္စတန်က မဇ္ဈိမ ကိုပြောသည်။
စုကလိစခန်းကို ခမရ (၅၆၀)မှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးသူရိန်ဦး ဦးစီးပြီး ခလရ(၃၂)မှ စစ်ကောင်စီ တပ်သားများ အထိုင်ချ လှုပ်ရှားနေကြကြောင်း KNLA နှင့် KNDO က ပေးပို့သည့် အကြောင်းကြားစာအရ သိရသည်။
အဆိုပါ စာထဲတွင် ဒုတိယဗိုလ်မှူးကြီး သူရိန်ဦးအနေဖြင့် စုကလိစခန်းကို KNLA၊ KNDO ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခြင်းမပြုမီ လာရောက်ပူးပေါင်းစေလိုကြောင်း၊ ပူးပေါင်းပါက လက်အောက်ငယ်သား ရဲဘော် များနှင့် မိသားစု၊ သားသမီးများ၏ အသက်အန္တရာယ်၊ လုံခြုံရေးအတွက် အာမခံကြောင်း ဖော်ပြထား သည်။
စုကလိစခန်းမှ စစ်ကောင်စီတပ်သားများအနေဖြင့် လာရောက်ပူးပေါင်းမည်ဆိုပါက လက်နက်ငယ် (သေနတ်) သံပေး၍ အော်ခေါ်ကာ အချက်ပြစေလိုကြောင်းနှင့် ပူးပေါင်းရေးအတွက် ဆက်သွယ်နိုင်ရန် ဆက်သွယ်ရေးစက်နံပါတ်နှင့် ဖုန်းနံပါတ်ကိုပါ ထည့်သွင်း ဖော်ပြထားသည်။
ထို့ပြင် ဒုတိယဗိုလ်မှူးကြီး သူရိန်ဦးနှင့် စုကလိစခန်းရှိ စစ်ကောင်စီတပ်သားများအနေဖြင့် KNLA ၊ KNDO ပူးပေါင်းအဖွဲ့နှင့် လာရောက်ပူးပေါင်းခြင်းမရှိပါက စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲသွားမည်ဖြစ်ကြောင်း ဆိုထား သည်။
စုကလိကျေးရွာသည် ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၆) နယ်မြေအတွင်း ပါရှိသည့် ဒေသတခုဖြစ်သည်။
ယခု မတ်လအတွင်း KNLA တပ်မဟာ (၆) ပူးပေါင်းတပ်ဖွဲ့များက KNU တပ်မဟာ (၆) နယ်မြေအတွင်းရှိ စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ (၃၅၅)၊ (၃၅၆)၊ သင်္ဃန်းညီနောင်ရဲစခန်း၊ ဖလူးစခန်း၊ ကျိုက်ဒုံဗျူဟာ၊ မဲသရောထစခန်း၊ ရေတလျောက်စခန်းတို့ကို တိုက်ခိုက်သိမ်းပိုက်ထားကြောင်း သတင်းထုတ်ပြန်ချက် များအရ သိရသည်။

စာတည်း။ ။စောဖေ