တောင်သာမြို့နယ် ဇမ္ဗူသီရိကျောင်းတွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ကာကွယ်ရေးအဖွဲ့တိုက်ခိုက်

လွှမ်းမိုး

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ တောင်သာမြို့နယ် ဇရပ်ကြီးကျေးရွာအနီးရှိ ဇမ္ဗူသီရိကျောင်းတိုက် တွင် တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုပြုလုပ်သည်ဟု Myingyan District Drone Strike တပ်ဖွဲ့က ယမန်နေ့ မတ်လ ၁၁ရက်တွင် ထုတ်ပြန်သည်။

“ဘုန်းကြီးကျောင်းထဲမှာ နေ့လယ်ထမင်းစား နားနေတဲ့အချိန် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်ခဲ့တယ်” ဟု Myingyan District Drone Strike တပ်ဖွဲ့ တာဝန်ရှိသူကပြောသည်။

မတ်လ ၈ ရက် နံနက် ၁၁ နာရီအချိန်တွင် ဒရုန်း ငါးစီးဖြင့် ဗုံးသီးချ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီတပ်သား လေးဦးသေဆုံးမှုရှိသည်ဟု ၎င်းကဆိုသည်။

ဒဏ်ရာရရှိသူများနှင့် သေဆုံးရုပ်အလောင်းများကို ရုံးစည်ကြီးရွာမှ နာရေးကားတစီး နှင့် Light Track ကား တစီးတို့ဖြင့် တောင်သာမြို့ ဆေးရုံသို့ သယ်ဆောင်သွားကြောင်း Myingyan District Drone တပ်ဖွဲ့ထံမှ သိရသည်။

ထိုတိုက်ခိုက်မှုများကို Myingyan District Drone Strike ၊ မြင်းခြံခရိုင် အမှတ် (၁)တပ်ရင်း ၊အမှတ်(၄) တပ်ရင်း၊အမှတ်(၈) တပ်ရင်း ၊ မလှိုင် ပကဖ နှင့် Shar Htoo Waw နည်းပညာ အဖွဲ့တို့က ပူးပေါင်း၍ ပြုလုပ်ကြခြင်းဖြစ်ကြောင်း သိရသည်။

အင်အား ၁၀၀ ခန့်ပါသည့် အဆိုပါ စစ်ကြောင်းသည် လက်ရှိတွင် သက်ကယ်ကျင်းကျေးရွာအနီး ၌ ရောက်ရှိနေပြီး ယင်းစစ်ကြောင်းရန်ကြောင့် ဇရပ်ကြီး၊ ရွှေစည်ကြီး၊ ရတနာပုံ စသည့်ကျေးရွာများမှ ဒေသခံ ၅၀၀ ခန့် စစ်ရှောင်နေရကြောင်း သိရသည်။

ထို့အတူ မတ်လ ၈ ရက်နေ့ နံနက် ၁၀ နာရီအချိန်ကလည်း မြင်းခြံမြို့နယ်၊ ရွာကြီးရွာ ဘုန်းကြီးကျောင်းအတွင်း တပ်စွဲနေသည့် စစ်ကောင်စီတပ်ဖွဲ့ကို ဒရုန်းဖြင့် ဗုံးသီးလေးလုံးကြဲချ တိုက်ခိုက်မှုပြုလုပ်ခဲ့သေးသည်ဟု Myingyan District Drone Strike တပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စာတည်း ။ ။ ဖူးသိမ်ကျ