NUGကာကွယ်ရေး၀န်ကြီးနှင့် KIA စစ်ဦးစီးချုပ်သိမ်းပိုက်ထားသည့် ဘွမ်ရေဘွမ့်စခန်းကိုစစ်ဆေး

NUGကာကွယ်ရေးဝန်ကြီးနှင့် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့ ဘွမ်ရေဘွမ့်စခန်းအား စစ်ဆေးနေစဉ် / Photo-NUG/MOD

NUGကာကွယ်ရေးဝန်ကြီးနှင့် ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့ ဘွမ်ရေဘွမ့်စခန်းအား စစ်ဆေးနေစဉ် / Photo-NUG/MOD

(မဇ္ဈိမ)။ ။စစ်ကောင်စီထံမှသိမ်းပိုက်ထားသည့် ဘွမ်ရေဘွမ့် (Bumre Bum) ပွိုင့် ၇၇၁ စခန်းကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)၊ကာကွယ်ရေး၀န်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့ မတ်လ ၂၀ ရက်တွင် သွားရောက် စစ်ဆေးခဲ့သည်ဟု NUG ကာကွယ်ရေး၀န်ကြီးဌာနက သတင်း ထုတ်ပြန်သည်။

ထုတ်ပြန်ထားသည့် ဓာတ်ပုံများတွင် ဘွမ်ရေဘွမ့်စခန်းအား ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးဦးရည်မွန်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) စစ်ဦးစီးချုပ်(အမှတ်၁စစ်ဒေသမှူး) ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းတို့အတူစစ်ဆေးနေသည်ကို တွေ့ရပြီး သိမ်းပိုက်ရရှိထားသည့် လက်နက်ခဲယမ်းများကိုလည်း တွေ့ရသည်။

မှတ်တမ်းဓာတ်ပုံများထဲတွင် ဟောင်ဝစ်ဇာအမြောက်သိမ်းပိုက်ရရှိထားသည်ကိုတွေ့ရပြီး ပစ်မှတ်မြေပုံညွှန်းရေးသားထားရာတွင် ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လနေအိမ်နှင့် KIA ဗိုလ်သင်တန်းကျောင်းကို ရည်ညွှန်းဖော်ပြထားသည့်ပစ်မှတ်ကို တွေ့ရသည်။

ဘွမ်ရေဘွမ့် (Bumre Bum)စခန်းသည် စစ်ကောင်စီ၏ ရှေ့တန်း အမှတ် (၂၁) စစ်ဆင်ရေး ကွပ်ကဲမှုဌာနချုပ်၊ ပွိုင့် ၇၇၁ မဆုတ်တမ်း အရေးကြီးခံစစ်စခန်းဖြစ်ပြီး မတ် ၁၅ ရက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဦးဆောင်သော တော်လှန်ရေးအဖွဲ့ များက သိမ်းပိုက်ရရှိခဲ့ခြင်းဖြစ်သည်။ စခန်းအားသိမ်းပိုက်ပြီးငါးရက်အကြာတွင် ကာကွယ်ရေး၀န်ကြီးနှင့် KIA စစ်ဦးစီးချုပ်တို့သွားရောက်စစ်ဆေးခဲ့ခြင်းလည်းဖြစ်သည်။

ဘွမ်ရေဘွမ့် (Bumre Bum) စခန်းသည် KIA ဌာနချုပ်တည်ရှိရာ လိုင်ဇာကို လက်နက်ကြီးဖြင့် ပစ်ခတ်နိုင်သည့် အမြင့်ဆုံးတောင်ကုန်းပေါ်တွင် တည်ရှိကြောင်းသိရပြီး ၂၀၁၀ အစောပိုင်းနှစ်များတွင် စစ်တပ်က သိမ်းယူပြီး တပ်စွဲနေထိုင်ခဲ့ကြောင်း၊ ယခုအခါ (KIA) ဦးဆောင်သော တော်လှန်ရေးအဖွဲ့ များက တိုက်ခိုက်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်း KIA နှင့် နီးစပ်သည့်စစ်ရေးသတင်းမြစ်တဦးကပြောသည်။

ကာကွယ်ရေးဝန်ကြီးဦးရည်မွန်နှင့်ဒုဗိုလ်ချုပ်ကြီးခေါင်လွန်းသည် ပြီးခဲ့သည့် ဇန်နဝါရီလကလည်း KIAနှင့် ပူးပေါင်းတပ်ဖွဲ့များ သိမ်းယူခဲ့သည့် ကချင်ပြည်နယ်၊ မံစီမြို့နယ်ရှိ မန်ဝိန်းကြီးနယ်မြေသို့သွားရောက်စစ်ဆေးခဲ့သည်။

ယနေ့ မတ်လ ၂၁ရက်တွင်လည်း KIAနှင့် ပူးပေါင်းတပ်ဖွဲ့များသည် လိုင်ဇာမြို့အနီး၊ နားဖော့ဒေသရှိ စစ်ကောင်စီစခန်းများကို ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း KIA နှင့် နီးစပ်သည့်စစ်ရေးသတင်းမြစ်အချို့က ပြောသည်။

စာတည်း -အေးချမ်း