ရခိုင်- ဘင်္ဂလားဒေ့ရှ် နယ်စပ်က စခန်း ၁ ခုကို AA သိမ်းပိုက်၊ စကစက စခန်းရှိ ရိက္ခာများကို အဆိပ်သုတ်လိမ်းထားခဲ့ဟုဆို

အောင်သပြေနယ်ခြားစောင့်တပ်စခန်းမှ သိမ်းဆည်း ရရှိခဲ့သော လက်နက်ခဲယမ်းများနှင့် စစ်အသုံးအဆောင်များ

002

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ်တွင် စစ်ကောင်စီ၏ စခန်းနှင့်မြို့များကို ဆက်တိုက် သိမ်းယူလျက်ရှိသည့် ရက္ခိုင့်တပ်တော်(AA) က ရခိုင်- ဘင်္ဂလားဒေ့ရှ်နယ်စပ်က အောင်သ‌ပြေ နယ်ခြားစောင့်စခန်းကို သိမ်းပိုက်လိုက်ကြောင်း မတ်လ ၁၂ ရက်နေ့တွင် AA က တရားဝင် ထုတ်ပြန်သည်။

နယ်ခြားစောင့်တပ်ဖွဲ့ဝင် အလောင်းနှင့် လက်နက်ခဲယမ်းအချို့ ရရှိခဲ့သည်ဟု AA က ဆိုသည်။ သိမ်းဆည်း ရရှိသည့် ဓာတ်ပုံများကိုလည်း AA က ထုတ်ပြန်ထားသည်။

အောင်သ‌ပြေနယ်ခြားစောင်တပ်စခန်းမှာ မောင်တောမြို့ ‌မြောက်ပိုင်းက နှစ်နိုင်ငံ နယ်စပ်အနီးတွင် တည်ရှိသည့် စခန်းဖြစ်သည်။

အဆိုပါ တိုက်ပွဲအပါအဝင် ယခုရက်ပိုင်း နယ်စပ်တိုက်ပွဲများ၌ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးသွားသော နယ်ခြား စောင့်တပ်ဖွဲ့ ဝင် ၁၇၉ ဦး ရှိပြီဟု AA ၏ ထုတ်ပြန်ချက်တွင် ပြောထားသည်။

လက်နက်ကိုင် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များသည် အရေးနိမ့်ပြီး ထွက်ပြေးသည့်အခါ စခန်းအတွင်းရှိ စားနပ်ရိက္ခာများ၊ ရေဗူးများတွင် အဆိပ်များသုတ်လိမ်းခဲ့ခြင်းနှင့် အဆိပ်ဆေးများ ဖြန်းထားခဲ့သည်ကို တွေ့ရကြောင်း AA က ပြောသည်။

ယင်းကြောင့် အခြားသော တော်လှန်ရေး လက်နက်ကိုင်အဖွဲ့အစည်းများအနေဖြင့် စခန်းသိမ်းတိုက်ပွဲများတွင် သိမ်းဆည်းရမိသော စားနပ်ရိက္ခာများကို သတိထားကြရန် ရက္ခိုင့်တပ်တော်(AA) က ထုတ်ပြန်ချက်တွင် အသိပေးထားသည်။

ထို့ပြင် ‌မောင်တောမြို့မြောက်ပိုင်းမှ လက်နက်ချအညံ့မခံသေးသော လက်ကျန်နယ်ခြားစောင့်တပ်စခန်းအချို့ကို ဆက်လက်ထိုးစစ်ဆင် တိုက်ခိုက်နေကြောင်း AA က ဆိုသည်။

အလားတူ AA က မြို့သိမ်းတိုက်ပွဲ ဆင်နွှဲနေသည့် ရသေ့တောင်မြို့တွင်လည်း တိုက်ပွဲများ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က ကြည်း၊ ရေ၊ လေနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်ကာ တန်ပြန်တိုက်ခိုက်နေသည်။

ရခိုင်တိုက်ပွဲတိုင်းနီးပါးတွင် ရှုံးနိမ့်ပြီး မြို့များကို လက်လွှတ်ထားရသည့် စစ်ကောင်စီက AA သိမ်းပိုက်ထားသည့် မင်းပြားမြို့ကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရပ်သားနှစ်ဦး သေဆုံးပြီး အချို့မှာ ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည်။

မင်းပြားမြို့သည် အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ အမ်းမြို့နှင့် ကုန်းလမ်းမှ မိုင် ၁၀၀ ခန့်သာ ဝေးကွာသည်။

ယင်း အမ်းမြို့နယ်၊ ရူးတိုက်နယ်၊ ရီဘုတ်ရွာအနီးရှိ သံကြိုးတောင်ကို အာဏာသိမ်းစစ်တပ်က ရဟတ်ယာဉ်‌ပေါ်မှ စက်သေနတ်ဖြင့် ယမန်နေ့ ညနေ ၅ နာရီခန့်မှစတင်ပြီး ရှစ်ကြိမ်ထက်မနည်း လှည့်ပတ်ပစ်ခတ်သွားခဲ့သည်ဟု AA က ပြောသည်။

စာတည်း။ ။ နောင်နောင်