တကောင်းမြို့အနီး တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၄ ဦးသေဆုံးပြီး ၄ ဦး အဖမ်းခံရ

Photo – အမှတ် ၁ စစ်ဒေသ

007

(မဇ္စျိမ)။ ။တကောင်းမြို့အနီးတွင်ဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ ၁၄ ဦး သေဆုံးပြီး လေးဦးဖမ်းဆီးရမိခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)စစ်ရုံးချုပ် သတင်းထုတ်ပြန်ချက် အရ သိရသည်။

မန္တလေးတိုင်း၊ တကောင်းမြို့နှင့် လက်ပံကုန်းကျေးရွာတို့တွင် အထိုင်ချတပ်စွဲထားသော စစ်ကောင်စီတပ် များကို မတ်လ ၅ ရက်၊ ၆ ရက်နှင့် ၇ ရက်နေ့များတွင် အမှတ်(၁)စစ်ဒေသ မန္တလေးတိုင်း PDF တာဝန်ခံ ရုံး ကွပ်ကဲမှုဖြင့် အမှတ်(၃)အထူးလှုပ်ရှားတပ်ရင်း(SR-3)၊ အမှတ်(၅၁၁)တပ်ရင်း၊ အမှတ် (၅၁၂)တပ်ရင်း၊ မန္တလေးတိုင်း Drone တပ်ဖွဲ့နှင့် သပိတ်ကျင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ၁၄ ဦးသေဆုံးပြီး လေးဦးဖမ်းဆီးရမိခဲ့ကာ လက်နက်မျိုးစုံ ၁၈ လက်နှင့် ခဲယမ်းမီးကျောက်များကို သိမ်းဆည်းနိုင်ခဲ့ပြီး တိုက်ပွဲအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦး မြင့်မြတ်စွာအသက်ပေးလှူသွားသည်ဟု ဆိုသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်ထားသော်လည်း ယနေ့ နံနက် ပိုင်းအထိ အဆက်အသွယ် မရရှိသေးပေ။

သပိတ်ကျင်းခရိုင်၊ တကောင်းမြို့အနီးရှိ မန်ကျည်းကုန်း၊ ဆင်ညှပ်ကုန်းကျေးရွာများအား ဖေဖော်ဝါရီလ ကုန်ပိုင်းမှစ၍ စစ်ကောင်စီက စစ်ကြောင်းနှစ်ခုဖြင့် စစ်ကြောင်းထိုးခဲ့သည်။

၎င်းစစ်ကြောင်းနှစ်ခုမှာ ဒုတိယဗိုလ်မှူးကြီးရဲခေါင်ဦးစီးသော အင်အား ၉၅ ဦးပါ စစ်ကြောင်းနှင့် ဗိုလ်ကြီး ထိန်လင်းဦးစီးသော အင်အား ၇၀ ပါ စစ်ကြောင်းတို့ဖြစ်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရ သည်။

အဆိုပါစစ်ကြောင်းနှစ်ခု တကောင်းမြို့၌ အထိုင်ချတပ်စွဲထားစဉ် ပြည်သူ့ကာကွယ်ရေးတပ်များပူးပေါင်း ပြီး သုံးရက်ဆက်တိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီက လေကြောင်းမှသုံးကြိမ်ဗုံးကြဲပြီး လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုရှိခဲ့ပြီး အရေအတွက် အတိအကျမသိနိုင်သေးကြောင်း ဒေသတွင်းသတင်းရင်း မြစ်များက ဆိုသည်။

ယနေ့မတ်လ ၁၃ ရက်နေ့ နောက်ဆုံးရရှိသတင်းအရ တကောင်းမြို့နှင့်အနီးဝန်းကျင်တွင် အချိန်မရွေး တိုက်ပွဲပြန်လည်ဖြစ်ပွားလာနိုင်သည့်အတွက် ဒေသခံများတိမ်းရှောင်နေကြရပြီး မန္တလေး-ဗန်းမော်ကား လမ်း၊ စဉ့်ကူးနှင့် တကောင်းမြို့အကြားလမ်းပိုင်းအား ပြည်သူ့ကာကွယ်ရေးတပ်များက အကန့်အသတ် မရှိယာ ယီပိတ်ထားကြောင်း သိရသည်။

စာတည်း။ ။စောဖေ