အိန္ဒိယနိုင်ငံမှ ဖိုင်ဖြင့် KIA တပ်သားများ အစုလိုက်သေဆုံးသည်ဟု သတင်းမှားဖြန့်

JC

မဇ္ဈိမ။ ။ ကချင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KIA) တပ်သားတွေသေဆုံးပြီး ကျင်းတခုတည်းမှာ အစုလိုက်အပြုံလိုက် မြှုပ်နှံနေရတယ်ဆိုတဲ့ ရုပ်သံတခု ပျံ့နေပါတယ်။

ဒီရုပ်သံဖိုင်ကို ဟန်ငြိမ်းဦး တယ်လီဂရမ်ချန်နယ်ကနေ မတ်လ ၁၂ ရက်နေ့မှာ KIA တပ်သားတွေ သေဆုံးမှုများတာကြောင့် ရုပ်အလောင်းတွေကို ကျင်းတခုတည်း အစုလိုက်အပြုံလိုက် မြှပ်နေရတယ်ဆိုပြီး ရုပ်သံတခုနဲ့အတူ စတင်ဖြန့်ဝေခဲ့တာပါ။ ဒီအကြောင်းဟာ ဟန်ငြိမ်းဦးအပါအဝင် တယ်လီဂရမ် ချန်နယ် လေးခုမှာ ပျံ့နှံ့နေပြီး ကြည့်ရှုသူ ငါးသောင်းကျော်ရှိနေပါပြီ။ အလားတူပဲ ဖေ့ဘုတ်မှာလည်း ပျံ့နှံ့နေပါတယ်။

မဇ္ဈိမကနေ ဒီရုပ်သံကို အချက်အလက် တိုက်ဆိုင်စိစစ်ခဲ့တာမှာ လွဲမှားနေတာကိုတွေ့ရပါတယ်။
တကယ်တော့ ဒီရုပ်သံဖိုင်ထဲက သေဆုံးနေတဲ့သူတွေဟာ KIA တပ်သားတွေမဟုတ်သလို မြန်မာနိုင်ငံက အဖြစ်အပျက်လည်းမဟုတ်ပါဘူး။

အိန္ဒိယနိုင်ငံ မဏိရ်ပူပြည်နယ်မှာ ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလထဲ ဖြစ်ပွားခဲ့တဲ့ လူမျိုးရေးပဋိပက္ခအတွင်း သေဆုံးခဲ့သူတွေကို မြှပ်နှံ့နေတဲ့ရုပ်သံဖိုင်ပဲ ဖြစ်ပါတယ်။
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ ခရစ်ယာန်အများစုဖြစ်တဲ့ ကူကီး-ဇို မျိုးနွယ်နဲ့ ဟိန္ဒူအများစုဖြစ်ကြတဲ့ Meitei လူမျိုးနွယ်စုကြားမှာ ပဋိပက္ခဖြစ်ပွားခဲ့ပြီးတဲ့နောက်၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ခရစ်ယာန်လူမျိုး ၄၅ ဦး သေဆုံးခဲ့ပါတယ်။ အဲ့ဒီနောက် ဒီဇင်ဘာ ၂၀ ရက်နေ့မှာ နောက်ထပ် ခရစ်ယာန်ဘာသာဝင် ၈၇ ဦး ပဋိပက္ခကြောင့် သေဆုံးခဲ့တာပါ။

သတင်းမှာပါဝင်နေတဲ့ရုပ်သံဟာ ဒီလူမျိုးရေးပဋိပက္ခအတွင်း သေဆုံးသူတွေကို မြှပ်နှံနေတဲ့ရုပ်သံဖိုင်ဖြစ်ပါတယ်။ ဒီအကြောင်းအရာနဲ့ ဓါတ်ပုံတွေကို အာရှဒေသ ခရစ်ယာန်ဘာသာဝင်တွေရဲ့ အခွင့်ရေးချိုးဖောက်မှုတွေဖော်ပြနေတဲ့ British Asian Christian Association (BACA) နဲ့ Northeast Now သတင်းဌာနတွေမှာ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကတည်းက ဖော်ပြထားကြပါတယ်။ လင့် – https://shorturl.at/hLP45 , https://shorturl.at/kzFUW

ဒါကြောင့် KIA တပ်သားတွေသေဆုံးမှုများလို့ ကျင်းတခုတည်းမှာ အစုလိုက်အပြုံလိုက် မြှပ်နှံနေရတယ်ဆိုတဲ့ ရုပ်သံဟာ မြန်မာနိုင်ငံက လက်ရှိဖြစ်ပွားနေတဲ့ ရုပ်သံဖိုင်မဟုတ်ပါဘူး။ ၂၀၂၃ ခုနှစ် ဒီဇင်ဘာမှာ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့ ပဋိပက္ခကြောင့် သေဆုံးသွားတဲ့ ခရစ်ယာန်ဘာသာဝင်တွေကို မြှပ်နှံပေးနေတဲ့ ဖြစ်စဉ်က ရုပ်သံကို ယူသုံးပြီး သတင်းမှား ဖြန့်ဝေထားတာပဲ ဖြစ်ပါတယ်။

ကချင်ပြည်နယ်မှာ ကချင်လွတ်မြောက်ရေးတပ်မတော် KIA ဦးဆောင်တဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့ မတ်လ ၇ ရက်နေ့ကပြီး ဌာနချုပ် လိုင်ဇာအနီးဝန်းကျင်က စစ်ကောင်စီတပ်စခန်းတွေအပါအဝင် ဝိုင်းမော်မြို့က စစ်ကောင်စီတပ်စခန်းတွေ မြစ်ကြီးနား-ဗန်းမော် လမ်းတကြောက စစ်ကောင်စီတပ်စခန်းတွေနဲ့ ကချင်ပြည်နယ် မိုးမောက်၊ မံစီ၊ ဖားကန့်၊ ဆွပ်ပရာဘွမ်၊ မိုးညှင်းမြို့နယ်တွေမှာ ထိုးစစ်ဆင်တိုက်ခိုက်နေပြီး တိုက်ပွဲတွေပြင်းထန်နေပါတယ်။

တိုက်ပွဲတွေကြောင့် စစ်ကောင်စီက တပ်စခန်းတချို့ကို လက်လွှတ်လိုက်ရတာရှိသလို တပ်ရင်းလိုက် အလံဖြူထောင်လက်နက်ချတာတွေလည်း ရှိနေပါတယ်။ ဒီလိုအခြေအနေမှာ စစ်ကောင်စီထောက်ခံသူတွေက ခုလို KIA တပ်သားတွေ သေဆုံးလို့ အစုလိုက်အပြုံလိုက် မြှုပ်နှံနေရတယ်ဆိုပြီး အိန္ဒိယနိုင်ငံက ဖြစ်စဉ်တွေနဲ့ သတင်းမှားဖြန့်ဝေလာတာပဲ ဖြစ်ပါတယ်။

မဇ္ဈိမ၏သတင်းဖတ်ရှုသူများအနေဖြင့် သတင်းတုဟုသံသယရှိသည့် အချက်အလက်များ၊ သတင်းဆောင်း ပါးများ၊ သတင်းမှားများကို ယခုလင့် ” t.ly/AjFbz ” သို့ ဝင်ရောက်ဖြည့်စွက် ရေးသားပေးပို့ မေးမြန်းနိုင်ပါသည်။