နေပြည်တော်တွင် လူငယ်အချို့ကို စစ်မှုထမ်းကိစ္စအတွက် စစ်ကောင်စီ ဆင့်ခေါ်

နေပြည်တော်ရှိ စစ်ကောင်စီစစ်ရေးဂိတ်တခု မြင်ကွင်း (Photo- AFP)

001

(မဇ္ဈိမ)။ ။ပြည်သူ့စစ်မှုထမ်းဉပဒေထုတ်ပြန်ပြီးနောက် စစ်ကောင်စီက နေပြည်တော်တွင် လူဦးရေစာရင်းကောက်ယူနေပြီး လူငယ်အချို့ကို စစ်မှုထမ်းက်ိစ္စအတွက် ဆင့်ခေါ်စာပေးပို့မှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

နေပြည်တော်၊ ဉတ္တရသီရိမြို့နယ်၊ ဇလောင်း (မြောက်) ကျေးရွာတွင် ယမန်နေ့ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ ညက အသက် ၂၀ ကျော်အရွယ် လူငယ်လေးဦးထံသို့ ရာအိမ်မှူးမှတဆင့် ဆင့်ခေါ်စာရောက်လာကြောင်း ဒေသခံတဦးကပြောသည်။

“အခုလောလောဆယ်သွားတာက ဟောပြောပွဲလုပ်မှာလို့ ‌ပြောတယ်ခင်ဗျ။ အဲ့ဒီကလေး လေးယောက်ထဲခေါ်တာ။ ပြီးတော့ တခြားရွာက ဆင့်ခေါ်တဲ့ကောင်လေးတွေလည်းပါမှာပေါ့။ လောလောဆယ် လူခေါ်တာပဲသိတယ်။ နာမည်စာရင်းအတွက်လား၊ မှတ်ပုံတင်ဖို့အတွက်လားတော့ မသိဘူး” ဟု ၎င်းကပြောသည်။

အဆိုပါလူငယ်လေးဦးမှာ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးသို့ ယနေ့ ဖေဖော်ဝါရီလ ၁၄ ရက်နေ့ နံနက်ကိုးနာရီတွင် သွားရောက်ကြရပြီး နေ့လယ် ၁၂ နာရီ​​ကျော်အထိ ပြန်မရောက်သေးကြောင်း ဒေသခံက ဆိုသည်။

“မိဘတွေက သူတို့လိုက်လို့ရလားလို့မေးတော့ လိုက်လို့မရဘူးလို့ပြောတယ်တဲ့။ ဟောပြောပွဲလုပ်ပြီးတော့ ပြန်လွှတ်ဦးမှာလို့ပြောတယ်တဲ့။ မိဘတွေက အဲ့လိုပဲသိထားတာ။ စာရွက်တွေကလည်း သူတို့ပြန်ယူသွားရတာတဲ့။ အဲ့ဒီလို”ဟု ဆိုသည်။

ဆင့်ခေါ်မှုကိုလိုက်နာခြင်းမရှိပါက စစ်မှုထမ်းဉပဒေအရ အရေးယူခြင်းခံရမည်ဟု ဆင့်​ခေါ်စာ၌ ရေးသားထားကြောင်း ဒေသခံကပြောသည်။

လက်ရှိတွင် ဇလောင်း(မြောက်)ကျေးရွာအပြင် ဇလောင်း(တောင်)ကျေးရွာနှင့် ငန်းစပ်ကျေးရွာတို့တွင်လည်း ထိုသို့ ဆင့်ခေါ်မှုများ ကြားသိရသည်ဟု ဒေသခံများက ပြောသည်။ ယင်းအပေါ် မဇ္ဈိမအနေဖြင့် အသေးစိတ်သိရှိနိုင်ရန် စုံစမ်းမေးမြန်းနေဆဲဖြစ်သည်။

ဇမ္မူသီရိမြို့နယ်နှင့် တပ်ကုန်းမြို့နယ်တို့မှ မြို့ခံအချို့ကမူ စစ်ကောင်စီက လူဦးရေစာရင်းကောက်ခံမှုများရှိသော်လည်း ထိုသို့ ဆင့်ခေါ်မှုများမရှိသေးကြောင်း ပြောသည်။

နေပြည်တော်အပြင် ရန်ကုန်တိုင်း၊မန္တလေးတ်ိုင်း၊ ဧရာဝတီတိုင်းရှိ မြို့နယ်များ၌လည်း စစ်မှုထမ်းရန် စာရင်းစ‌တင်ကောက်ယူနေပြီး ကိုယ်ရေးအချက်အလက်ထည့်ရမည့် ပုံစံစာရွက်များသည်
ရပ်ကွက်အုပ်ချုပ်ရေးရုံးများသို့ ရောက်ရှိနေပြီဖြစ်ကြောင်း စုံစမ်းသိရှိရသည်။

စစ်မှုထမ်းစာရင်းတွင်ပါဝင်သူများထံ ရပ်ကွက်အုပ်ချုပ်ရေးမှူးမှတဆင့်လျှောက်လွှာများ ပေးပို့နေပြီး စာရင်း၌ပါဝင်သူများခရီးမထွက်ရန်နှင့် စဉ်ဆက်မပြတ် သတင်းပေးပို့ရန် ဖိအားပေးနေကြောင်း စစ်မှုထမ်းစာရင်း၌ပါသည့် မိသားစုဝင်အချို့ကပြောသည်။

ပြည်သူ့စစ်မှုထမ်းဉပဒေကို စစ်ကောင်စီက ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၀ ရက်နေ့က အသက်သွင်းခဲ့ခြင်းဖြစ်သည်။စစ်မှုထမ်းသင်တန်းသားခေါ်ယူမှုကို ယခုနှစ် ဧပြီလ သင်္ကြန်ကာလအပြီးတွင် ဆောင်ရွက်မည်ဖြစ်ပြီး သင်တန်းအပတ်စဉ်တခုလျှင် အင်အား ၅,၀၀၀ နှုန်းဖြင့် တနှစ်လျှင် အင်အား ၆၀,၀၀၀ နှုန်း ခေါ်ယူရန် စီစဉ်ထားကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားသည်။

စာတည်း – အေးချမ်း