နွေဦးတော်လှန်ရေး နေ့စဉ်မှတ်စု (၁၄ မတ် ၂၀၂၄)

ပုံအညွှန်း - ယနေ့ချီတက်ခဲ့သည့် သပိတ်အင်အားစုများ / ဓါတ်ပုံ - ရွာပေါင်းစုံသပိတ်ကော်မတီ

အမျိုးသားညီညွတ်ရေး အစိုးရ

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောာင်စီက စာရင်းစစ်ဌာနကို ဖွဲ့စည်းမည် ဖြစ်သည့်အတွက် စာရင်းစစ် ဝန်ထမ်းများကို ဖိတ်ခေါ်နေသည်ဟု ထုတ်ပြန်ကြေညာထားသည်။

အမျိုးသား ညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ မကွေးတိုင်း၊ အမှတ် (၁) စစ်ဒေသ၊ မကွေးခရိုင်ကွပ်ကဲရေးရုံး၊ သင်တန်းရေးရာဌာနကနေ အပတ်စဥ်(၁) အခြေခံ စစ်ပညာသင်တန်း ဆင်းပွဲအခမ်းအနား ပြုလုပ်ခဲ့သည်ဟု ယနေ့ ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီက လုပ်ဆောင်နေသည့် အဓမ္မစစ်သားစုဆောင်းမှု ဆန့်ကျင်တိုက်ဖျက်ရေး လူထုလှုပ်ရှားမှု နှင့် ပတ်သက်ပြီး အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) နှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) တို့ပူးပေါင်းပြီး ပူးတွဲကြေညာချက်ကို ယနေ့ ထုတ်ပြန်ခဲ့သည်။

ရန်သူ့အရှုံးကို သင်ခန်းစာယူပြီး ပြည်သူ့အားကိုးယုံကြည်သည့် တပ်မတော်ဖြစ်အောင် တည်ဆောက် ရမည်ဟု အမျိုးသားညီညွတ်ရေးအစိုးရ(NUG)ကာကွယ်ရေးဝန် ကြီး​ ဦးရည်မွန်က အမှတ်(၁)စစ်ဒေသ၊ မကွေးတိုင်းကွပ်ကဲရေးရုံးမှ ဦးစီးကျင်းပသော စုဖွဲ့၊ လေ့ကျင့်၊ လက် နက်တပ်ဆင်မှုသင်တန်း အပတ်(၈) သင်တန်း ဆင်းပွဲသို့ပေးပို့သော သဝဏ်လွှာတွင် ထည့်သွင်းပြောကြားသည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူသားချင်းစာနာထောက်ထားရေးနှင့် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ ရေး ဝန်ကြီးဌာနက ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလအတွင်း လူသားချင်းစာနာမှု အကူအညီအဖြစ် ကျပ် ၃၅၀ ဒဿမ ၂ သန်းကို အမှန်တကယ်အကူအညီလိုအပ်နေသူများထံ ပံ့ပိုးကူညီနိုင်ခဲ့သည်ဟု အသိပေး ထုတ် ပြန်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ ၊ ပြည်ထဲရေး နှင့် လူဝင်မှု ကြီးကြပ်ရေးဝန်ကြီးဌာနမှ ဦးဆောင်ကာ ပဲခူးတိုင်းတွင် ရှိသည့် မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့များအား Office Management Skill Training ကို မတ် ၁၃ ရက်၊ နံနက် ၁၀ နာရီခန့်တွင် ပြုလုပ်ခဲ့သည်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကြားကာလဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟိုကော်မတီ နှင့် မန္တလေးတိုင်း၊ မကွေးတိုင်း တို့တွင် ရှိသည့် မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံဆွေးနွေးပွဲ အစည်းအဝေးကို မတ် ၁၄ ရက်၊ မွန်းလွဲ ၁ နာရီတွင် ပြုလုပ်ခဲ့ကြသည်။

တော်လှန်ရေး လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်း၊ ယင်းမာပင်​မြို့နယ်တွင် နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေး သပိတ် စစ်ကြောင်းမှ ဦးဆောင်းကာ ယနေ့ မတ် ၁၄ ရက်တွင် စစ်အာဏာရှင် တော်လှန်ရေး ဆန္ဒပြခဲ့ကြောင်း သိရသည်။
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်တွင် ရွာပေါင်းစုံသပိတ် ၁၀၈၄ ရက်မြောက်နေ့အဖြစ် ရွာ ပေါင်းစုံသပိတ်ကော်မတီဝင်များနှင့်အတူ ပြည်သူလူထုပူးပေါင်းကာ လူထုသပိတ်တိုက်ပွဲ ဖော်ဆောင်ခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းတိုင်း၊ ဗကသများအဖွဲ့ချုပ် ဗဟိုစည်းရုံးရေးကော်မတီအဖွဲ့ဝင် ကျောင်းသား ရဲဘော်များက ဦးဆောင်ပြီး စစ်ကိုင်းတိုင်း မြောင်မြို့နယ်တွင် ရှိသည့် ကျောင်းသားလူထု စုစည်းကာ နိုင်ငံရေး ဟောပြောဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့ပြီး ဖုန်းမော်နေ့အထိမ်းအမှတ် တော်လှန်ရေးလက်ကမ်းစာစောင်များလည်း ဖြန့်ဝေခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်ရှိ စစ်ရှောင်ပြည်သူများကို ကျန်းမာရေးစောင့်ရှောက်မှု ပေးနေသော ဆေးအဖွဲ့အတွက် “စစ်ကိုင်းဖိုရမ် -စစ်ကိုင်းပြည်သူ ဖေးမကူ ကွန်ရက်”မှ ဆေးဝါးပစ္စည်း ၁၃ သိန်းဖိုးခန့် လှူဒါန်းပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ စည်လှောင်ရွာကို မတ် ၁၃ ရက်၊ ညနေပိုင်းက အကြမ်းဖက် စစ်တပ် က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လက်နက်ကြီးဖြင့် ပစ်ခတ်ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၁၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံပြည်သူများ နှင့် ဒေသကာကွယ်ရေးတပ်ဖွဲ့မှ တပ်ရင်းမှူး ဗိုလ်ထက်ရှိုင်းက ပြောသည်။

စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့နယ်၊ မင်းကွန်းနယ်မြေ ရဲစခန်းကို မတ် ၁၂ ရက်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက် ခဲ့ရာ ရဲ ၂ ဦး အပြင်း အထန် ဒဏ်ရာရရှိခဲ့ကြောင်း ယူနီကွန်း ပြောက်ကျားတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

စစ်ကိုင်းတိုင်း ၊ ယင်းမာပင်မြို့နယ် ၊ စည်လှောင်ကျေးရွာသို့ မတ် ၁၃ ရက်၊ ညနေပိုင်းက စစ်ကောင်စီ တပ်က ပစ်ခတ်သောလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အမျိုးသမီး သုံးဦးအပါအဝင် လေးဦး သေဆုံး ခဲ့ကြောင်း ဒေသခံထံမှ သိရသည်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်းရှိ ကြားကာလပညာရေးကျောင်းတစ်ခုတွင် ကျောင်း သား ကျောင်းသူများ အပါအဝင် စစ်ရှောင်ပြည်သူ စုစုပေါင်း ၂၆၆ ဦးကို ကျောင်း ကျန်းမာရေး စစ်ဆေး ပေးခြင်း၊ သွား နှင့် ခံတွင်းကျန်းမာရေးစစ်ဆေးပေးခြင်း၊ သန်ချဆေးတိုက်ကျွေးခြင်း နှင့် ကျန်းမာရေး အသိပညာပေးဟောပြောခြင်းတို့ကို စစ်ကိုင်းဖိုရမ် စစ်ကိုင်းပြည်သူ ဖေးမ ကူ ကွန် ရက်မှတစ်ဆင့် ကရုဏာရှင် မောင်နှမများအဖွဲ့ (နေပြည်တော်) ၏ ကူညီပံ့ပိုးမှုဖြင့် PHN (Kalay) က ကျန်းမာရေး စောင့်ရှောက်မှုပေးခဲ့ကြောင်းသိရသည်။

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ ကျေးရွာတစ်ခုတွင် နိုင်ငံအဝှမ်းလေကြောင်း တိုက်ခိုက်မှုများကို ရပ်တန့် နိုင်ရန် ဆန္ဒထုတ်ဖော်တောင်းဆိုခဲ့ကြသည်ဟု မုံရွာလူထုသပိတ် တိုက်ပွဲဦးဆောင် ကော်မတီက ယနေ့ ထုတ်ပြန်သည်။

မန္တလေးတိုင်း၊ တောင်သာမြို့နယ်၊ ဆည်ကလေးကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်ရောက်လာသော အကြမ်းဖက် စစ်သားများကို မတ် ၁၂ ရက်က ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်တပ်ဘက်မှ ၇ ဦး သေဆုံးခဲ့ကြောင်း Myingyan District Drone Strike Team တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-မြင်းခြံ ZERO ပြောက်ကျားတပ်ဖွဲ့သို့ ဆက်သွယ်ဝင်ရောက်လာသည့် ရဲဘော် အသစ်များကို စစ်သင်တန်း စတင်ပေးနေပြီ ဖြစ်သည်ဟု မှတ်တမ်းနှင့်တကွ ထုတ်ပြန်ထားသည်။

တိုက်ရင်း တည်ဆောက်၊ တည်ဆောက်ရင်းတိုက် မှ တော်လှန် ရေး ရှေ့ခရီး ပိုမြန်မည်ဟုဆိုကာ PDF စလင်းရဲ့ လေ့ကျင့်ရေး မှတ်တမ်း ဓာတ်ပုံကို ယနေ့ ထုတ်ပြန်အသိပေးသည်။

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်တွင် ဒီမိုကရေစီအရေးလှုပ်ရှားမှု သပိတ်ကော်မတီ (DDMSC)၊ လူထုစည်းရုံးလှုံ့ဆော်ရေး ဆပ်ကော်မတီက ဦးဆောင်ပြီး ၃၆ နှစ်မြောက် ကိုဖုန်းမော်နေ့ အမှတ်တရ ဆုတောင်းပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကရင်နီ(ကယား)ဒေသ တစ်နေရာတွင် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ၃၆ နှစ်မြောက် နှစ်ပတ်လည် အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ် တိုက်ပွဲအတွင်း ပိတ်မိနေသော ကျေးရွာ ၂ ရွာမှ ပြည်သူ ၁၀၀၀ ကျော် ကို မတ် ၁၃ ရက်တွင် အရပ်ဘက်အဖွဲ့အစည်းများ ကယ်ထုတ်နိုင်ခဲ့ကြောင်း ဒေသခံ ပြည်သူများက ပြော သည်။

တော်လှန်တိုက်ပွဲဝင် ရဲဘော်များအတွက် ပြည်ပရောက် မြန်မာပြည်သူများ၏ ထောက်ပံ့မှုများကို တပ်ဖွဲ့ ရဲဘော်များအတွက် ယူနီဖောင်း ၁၀၀ နှင့် ခါးပတ် အချောင်း ၂၀ တပ်ဆင်ပေး ခဲ့သည်ဟု ရေးဘီလူး အဖွဲ့ က အသိပေးထားသည်။

မြန်မာစစ်တပ်အပေါ် ပစ်မှတ်ထားသည့် ဒဏ်ခတ်အရေးယူမှုများ အရှိန်မြှင့်လုပ်ဆောင်ရေး ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး Lord David Cameron ကို ဗြိတိန်ရောက် မြန်မာများနှင့် မြန်မာ့ အရေး လှုပ်ရှား သူများက လန်ဒန်မြို့ရှိ ဗြိတိန်နိုင်ငံခြားရေးရုံးတွင် ယမန်နေ့က ဆန္ဒပြတောင်း ဆိုခဲ့ကြသည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ၂၀၂၄ ဖေဖော်ဝါရီ လကုန်အထိ မြန်မာနိုင်ငံက မြို့နယ်ပေါင်း ၈၀ နီးပါး တွင် ဖုန်းလိုင်း နှင့် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်ဟု လွတ်လပ်စွာ ထုတ်ဖော် ပြော ဆိုခွင့် လှုပ်ရှားနေသည့် အသံအဖွဲ့က မတ်လ ၁၃ ရက်တွင် ကြေညာချက် ထုတ်ပြန်လိုက်သည်။

တိုင်းရင်းသား လက်နက်ကိုင်များ

ရက္ခိုင့်တပ်တော် AA က သိမ်းပိုက်ထားသော မြို့နယ်များရှိ ဝန်ကြီးဌာန နှင့် ဌာန ဆိုင်ရာ ရုံးများတွင် တာဝန် ထမ်းဆောင်ခဲ့ကြသော စစ်ကောင်စီဝန်ထမ်းများအနေဖြင့် စစ်တွေသို့ လာရောက်၍ သတင်းပေးပို့ တာဝန်ထမ်းဆောင်ကြရန် စစ်ကောင်စီက ညွှန်ကြားလိုက်ကြောင်း စစ်တွေမြို့မှ ဌာနဆိုင်ရာသတင်းရင်းမြစ်က ပြောသည်။

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်နှင့်ကော့ကရိတ်မြို့နယ်အစပ် သင်္ဃန်းညီနောင် ခမရ ၃၅၅ စခန်းသိမ်း တိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၉ ဦး မျက် မြင်သေဆုံးပြီး PDF ရဲဘော် ၆ ဦး ကျဆုံးကြောင်း KNU ဗဟိုက တရားဝင် သတင်းထုတ်ပြန်သည်။

ရှမ်းပြည်နယ် (တောင်ပိုင်း) ၊ ဟိုပုံးမြို့နယ်၊ နမ့်ဟူးကျေးရွာကို မတ် ၁၂ ရက်က အကြမ်းဖက် စစ်တပ်က မီးရှို့ဖျက်ဆီးခြင်းကြောင့် ရွာလုံးကျွတ်နီးပါး နေအိမ်များ မီးလောင် ပျက်စီးခဲ့ကြောင်း ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးတပ်မတော် (PNLA) က ထုတ်ပြန်ထားသည်။

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့အနီးရှိ မအီတံတားနှင့် ကျောက်ကြီးပေါက်တံတားတို့ကို စစ်ကောင်စီတပ်က မိုင်းဆွဲဖျက်ဆီးခဲ့ကြောင်း စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးခံရသူ စစ်တပ်၊ ဆေးအရာခံ ဗိုလ်မျိုးခန့်က ဝန်ခံထွက်ဆိုချက်ကို AA တပ်ဖွဲ့က ထုတ်ပြန်သည်။

ရှမ်းပြည်နယ် (မြောက်ပိုင်း) ၊ တအာင်းဒေသ ၊ ကွတ်ခိုင်မြို့၊ ရပ်ကွက် ၅ တွင် PSLF/TNLA ယူနီဖောင်း နှင့် ဆင်တူသည့် ပျောက်ကြားဘောင်းဘီ ဝတ်စုံဝတ်ကာ မူးယစ်ဆေးဝါးရောင်းချသူ ၅ ဦးကို ဖမ်းဆီး ခဲ့ ကြောင်း PSLF/TNLA က သတင်းထုတ်ပြန်ထားသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ နန့်မှော် ၊ တန်သုံးထောင် စစ်ကောင်စီတပ်စခန်းကို စစ်သားများ စွန့်ခွာသွားသဖြင့် KIA တပ်များက မတ် ၁၃ ရက်၊ နံနက်ပိုင်းက နယ်မြေရှင်းလင်းပြီး သိမ်းပိုက်လိုက် ကြောင်း သိရသည်။

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ မိုးမောက်မြို့နယ်၊ ဒါဆိုင်းတောင်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို မတ် ၁၄ ရက်၊ နံနက်ပိုင်းက KIA တပ်ဖွဲ့က သိမ်းပိုက်ရရှိသွားပြီဖြစ်ကြောင်း KIA သတင်းရင်းမြစ်က ပြောသည်။

စစ်ကောင်စီ

ပြည်သူများ လိုအပ်သည့် ဆေးဝါး နှင့် ဆေးအထောက်အကူပြု ပစ္စည်းတင်သွင်းမှုကိုလည်း ဦးစားပေး ခွင့်ပြုပေးနေသည်ဟု စစ်ကောင်စီ ဒုဝန်ကြီးချုပ် နှင့် စီမံဘဏ္ဍာဝန်ကြီး ဦးဝင်းရှိန်က မတ် ၁၃ ရက်က ပြုလုပ်သည့် ပြည်ထောင်စုကုန်ဈေးနှုန်း တည်ငြိမ်ရေးကော်မတီအစည်းအဝေးတွင် ပြောသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှ ထုတ်ပြန်ထားသည့်စည်းမျဉ်း စည်းကမ်းများနှင့် ညွှန်ကြားချက်များကို လိုက်နာဆောင်ရွက်ခြင်းမရှိသည့် ငွေလဲကုမ္ပဏီများကို ထပ်မံအရေးယူခဲ့ကြောင်း ဗဟိုဘဏ်က ယနေ့ ထုတ်ပြန်အသိပေးထားသည်။

ယခုနှစ် ရန်ကုန်မြို့တော်မဟာသင်္ကြန်မဏ္ဍပ်တွင် ကျင်းပမည့်ယိမ်းပြိုင်ပွဲအတွက် ပြိုင်ပွဲဝင်မည့် အသင်း များကို လျှောက်လွှာခေါ်ယူနေပြီဖြစ်သည်ဟု စစ်ကောင်စီလက်အောက်ခံ ရန်ကုန်မြို့တော် စည်ပင်သာ ယာရေးကော်မတီက သိရသည်။

ပါတီတည်ထောင်ခွင့်ပြုထားသည့် ငြိမ်းချမ်းရေးအကျိုးဆောင်ပါတီက နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပေးရန် မတ် ၁၃ ရက်က လျှောက်ထားလာသည်ဟု စစ်ကောင်စီ လက်အောက်ခံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ကြေညာထားသည်။

ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေးအတွက် စာရင်းဇယားကောက်ယူရာတွင် တိကျပြီးမှန်ကန်မှုရှိရန် ရန်ကုန် တိုင်း စစ်ကောင်စီ ဝန်ကြီးချုပ် ဦးစိုးသိန်းက မတ် ၁၃ ရက်၊ မွန်းလွဲပိုင်းက ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ စစ်မှုထမ်းဆင့်ခေါ်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြောသည်။

ရန်ကုန်တိုင်း၊ မြို့နယ်များရှိ ရပ်ကွက်များနှင့်ကျေးရွာများမှ တစ်ရပ်ကွက်လျှင် လူငယ် ၄ ဦးမှ ၅၀ ဦး အထိ လာမည့် ဧပြီလအတွင်း စစ်မှုထမ်းရန် နာမည်နှင့်တကွ ယမန်နေ့ညပိုင်းမှစတင်၍ ဆင့်ခေါ်စာများ စတင် ဖြန့်ဝေနေပြီး တချို့ရပ်ကွက်များတွင် လူငယ်များကို မဲနှိုက် ရွေးချယ် နေကြောင်း ရပ်ကွက် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေထံမှ သိရသည်။

စစ်မှုထမ်းရန် အကျုံးဝင်သူများ ခရီးသွားပါက ထောက်ခံစာယူကြရန် နေပြည်တော်ရှိ ရပ်ကွက်အုပ် ချုပ်ရေးမှူးများက အသိပေးထားသည်ဟု ဒေသခံပြည်သူများထံမှ သိရသည်။

TNLA အဖွဲ၏ ဖမ်းဆီခြင်းခံရပြီး စစ်သင်တန်းတက်ရောက်လိုခြင်းမရှိဘဲ ထွက်ပြေး လွတ်မြောက် လာသည့် ဒေသခံတိုင်း ရင်းသားလူငယ်များအား ၎င်းတို၏ မိဘအုပ်ထိန်း သူများထံ လွှဲပြောင်း ပေးအပ်ခဲ့သည်ဟု စစ်ကောင်စီက ထုတ်ပြန်ထားသည်။

ဘင်္ဂလားဒေ့ရှ်အစိုးရက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် (MRF) နှင့် မဟာဗျူဟာမြောက် ဆောင်ရွက် မှုတွင် ဆန်သဘောတူညီချက်ကို ပြင်ဆင်နေပြီး မကြာမီ နားလည်မှုစာချွန်လွှာ (MOU) ရေးထိုးသွားရန် ရှိနေကြောင်း Financial Express က ဖော်ပြလာသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ CNG အရောင်းဆိုင်များကို လိုအပ်ပါက ည (၁၁) နာရီခွဲအထိ အချိန် တိုးမြှင့်ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့ လုပ်ငန်း မော်တော်ယာဉ်သုံး သဘာဝဓာတ်ငွေ့ဌာနမှ သိရသည်။

မတ် ၁၄ သုံးသပ်ချက်

စစ်တပ်အင်အား ပြုန်းတီးမှုများနေသည်အတွက် ကုစားရန် စစ်ကောင်စီက နိုင်ငံတစ်ဝန်း စစ်မှုထမ်း ဥပဒေနှင့် အကျုံးဝင်သူများကို ဆင့်ခေါ်ရန် အပူတပြင်း လုပ်ဆောင်နေပြီး အုပ်ထိန်းသူမိဘ တစ်ချို့ ကိုလည်း မက်လုံးပေး စည်းရုံးနေသည်ကိုလည်း တွေ့ရသည်။

စစ်ကောင်စီက နိုင်ငံခြားငွေလဲနှုန်းမတည်ငြိမ်မှုများ ဖြစ်ပေါ်နေသည်အပေါ် ထိန်းချုပ်ရန် နိုင်ငံခြားငွေလဲ ကုမ္ပဏီများကို လိုင်စင်ပိတ်သိမ်းအရေးယူမှုများ ပြုလုပ်နေသော်လည်း ငွေဖောင်းပွမှုသည် နိုင်ငံခြား ငွေလဲကုမ္ပဏီများကြောင့် မဟုတ်သည့်အတွက် မြန်မာငွေဖောင်းပွမှုဖြစ်နေအုံးမည်ဖြစ်သည်။