ရခိုင်တွင် စစ်ကောင်စီ လက်နက်ကြီးဖြင့် ပစ်၍ အမျိုးသမီး ၂ ဦးထိခိုက်ဒဏ်ရာရ

ပုံနှင့် ဓာတ်ပုံအညွှန်း- ကျောက်တော်ပြင်းလှကျေးရွာတွင်စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့်မီးလောက်ပျက်စီးသောနေအိမ်(ဓာတ်ပုံ နှင့် ဗီဒီယို- CJ)

ဓါတု

(မဇ္ဈိမ) ။ ။ ရခိုင်ပြည်နယ် မောင်တောမြို့နှင့် ကျောက်တော်မြို့သို့ စစ်ကောင်စီက လက်နက်ကြီးဖြင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခြင်းနှင့် ဝေဟင်မှ ဒရုန်းဖြင့် ဗုံးကြဲခြင်းတို့ကြောင့် အရပ်သားအမျိုးသမီး နှစ်ဦး ကျည်ထိမှန် ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်က မောင်တောမြို့နယ် မှ အသက် ၅၀ အရွယ် အမျိုးသမီးတဦး ဘယ်ဘက်ဒူးဆစ်အထက် တွင် ထိခိုက်ဒဏ်ရာရခဲ့ပြီး နှင့် ကျောက်တော်မြို့မှ အသက် ၅၄ အရွယ် နှစ်အရွယ် အမျိုးသမီး တဦး လည်ပင်းကျည်ထိမှန်ဒဏ်ရာ ရရှိခဲ့ကြောင်း ရက္ခိုင့်တပ်တော် (AA) ကလည်း ထုတ်ပြန်ထားသည်။

ပုံနှင့် ဓာတ်ပုံအညွှန်း- ကျောက်တော်ပြင်းလှကျေးရွာတွင်စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့်မီးလောက်ပျက်စီးသောနေအိမ်(ဓာတ်ပုံ နှင့် ဗီဒီယို- CJ)

“အရပ်သားတယောက်ထိတယ်။နွားအကောင် ၂၀ ကျော်သေတယ် နေ့တိုင်းလိုလိုပစ်နေတာပါပဲ” ဟု မောင်တောမြို့ဒေသခံတဦးက မဇ္စျိမကို ပြောသည်။

ယမန်နေ့ နံနက် ၂ နာရီခန့်မှစ၍ နံနက် ၆ နာရီခန့်ထိ မောင်တောမြို့ ၊ မြို့သူကြီးအခြေစိုက် စစ်ကောင်စီ၏ နယ်ခြားစောင့်တပ်ခွဲ -နခခ (၅) တပ်ရင်းမှ မောင်တောမြို့နယ်၊ ညောင်ချောင်းအုပ်စု ရွှေရင်အေး ကျေးရွာသို့ လက်နက်ကြီးဖြင့် ကိုးကြိမ် ပစ်ခတ်ခဲ့ပြီး ဒရုန်းဖြင့်လည်း ဗုံးကြဲမှုများရှိကြောင်း AA က ထုတ်ပြန်ထားသည်။ ထိုတိုက်ခိုက်မှုများအတွင်း မောင်တောမြို့နယ်မှ အမျိုးသမီး ထိခိုက်ဒဏ်ရာရခဲ့ခြင်းဖြစ်ပြီး နေအိမ်အချို့လည်း ထိခိုက်ပျက်စီးမှုရှိကြောင်း ဒေသခံ တဦးက ပြောသည်။

ပုံနှင့် ဓာတ်ပုံအညွှန်း- ကျောက်တော်ပြင်းလှကျေးရွာတွင်စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့်မီးလောက်ပျက်စီးသောနေအိမ်(ဓာတ်ပုံ နှင့် ဗီဒီယို- CJ)

“ဒီဘက်မှာတော့ နှစ်ဖက်တိုက်ပွဲမရှိဘဲ ရမ်းပစ်တာ လည်ပင်းဒဏ်ရာရတဲ့သူရှိတယ်။ နေအိမ်တလုံးမီး လောင်ပျက်စီးတယ်လို့သိထားတယ်။ ကျန်တဲ့ အသေးစိတ် မသိရသေးဘူး။ မနေ့ကပစ်တာဆိုတော့ ဒီနေ့တော့ပစ်တာမရှိသေးဘူး။ ကျောက်တော်ဘက်လည်း အခြေအနေမကောင်းဘူး။ ဒီလကုန်ရင် စားသောက်ကုန်တွေပြတ်လပ်မယ်လို့ ကုန်သည်တွေပြောနေကြတယ် “ဟု ကျောက်တော်မြို့ခံတဦးက မဇ္စျိမကိုပြောသည်။

ကျောက်တော်မြို့ကို ယမန်နေ့ နေ့လယ် ၁ နာရီ မိနစ် ၃၀ ခန့်တွင် ကျောက်တော်အခြေစိုက် စစ်ကောင်စီ၏ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်-စကခ (၉) တပ်ရင်းမှ ပြင်လှကျေးရွာသို့ ပစ်မှတ်ထားကာ ဒရုန်းဖြင့် နှစ်ကြိမ်တိတိ ဗုံးခြောက်လုံး ပစ်ချတိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ဆိုသည်။ ထို့နောက် ညနေ ၄ နာရီ မိနစ် ၃၀ ခန့်တွင် လက်နက်ကြီးများဖြင့်လည်းပစ်ခတ်ခဲ့ရာ နေအိမ်တလုံးပေါ်ကျရောက်ပေါက်ကွဲကာ မီးလောင်ခဲ့ပြီး ဘေးပတ်ဝန်းကျင်နေအိမ်အချို့သို့ မီးကူးပျက်စီးခဲ့ကြောင်း ဒေသခံများထံက သိရသည်။

ပုံနှင့် ဓာတ်ပုံအညွှန်း- ကျောက်တော်ပြင်းလှကျေးရွာတွင်စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့်မီးလောက်ပျက်စီးသောနေအိမ်(ဓာတ်ပုံ နှင့် ဗီဒီယို- CJ)

လက်ရှိတွင် ပြင်လှကျေးရွာနှင့် အနီးတဝိုက်တွင် နေထိုင်သောကျေးရွာများမှ ဒေသခံအချို့ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။

ထို့ပြင် ယမန်နေ့ကစစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား ၅၀ ခန့်သည် စစ်တွေမြို့နယ်၊ တောကန်ကျေးရွာရှိ ဒေသခံ နေအိမ်များကို ဓာတ်ဆီလောင်း၍အကြောင်းမဲ့ မီးရှို့ဖျက်ဆီးခဲ့ကြောင်း AA က ထုတ်ပြန်ထားသည်။ ထို့ပြင် ဆိပ်ကမ်းအနီးရှိဆန်ကုန်သည်များ၏ စပါး တင်း ၃,၀၀၀ ကျော်၊ ဆန်အိတ်ပေါင်း ၈၀၀ အိတ်ခန့်နှင့် ဆန်ကွဲအိတ် ၁၀ အိတ်ကျော်ကိုလည်းစစ်ကောင်စီမှလုယူသယ်ဆောင်သွားပြီး ဒေသခံနှစ်ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပုံနှင့် ဓာတ်ပုံအညွှန်း- ကျောက်တော်ပြင်းလှကျေးရွာတွင်စစ်ကောင်စီ၏ပစ်ခတ်မှုကြောင့်မီးလောက်ပျက်စီးသောနေအိမ်(ဓာတ်ပုံ နှင့် ဗီဒီယို- CJ)

ယင်းဖြစ်စဥ်အား မဇ္စျိမကအတည်ပြုရန် စစ်တွေမြို့ဒေသခံများအားဆက်သွယ် ချိတ်ဆက်သော်လည်းဖု န်းလိုင်းအခြေအနေများကြောင့် ဆက်သွယ်၍မရသေးပေ။

ရခိုင်ပြည်နယ်တွင် ရက္ခိုင့်တပ်တော်(AA)၏ ထိုးစစ်ဆင်တိုက်ခိုက်မှု စတင်ခဲ့သော နိုဝင်ဘာလ ၁၃ ရက်မှစ၍ ယမန်နေ့ ဒီဇင်ဘာလ ၂၃ ရက်နေ့အထိ နှစ်ဖက်ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေပြီး ကျန်ရှိနေသေးသော စစ်ကောင်စီစခန်းများအား AA မှ သိမ်းပိုက်နိုင်ကြိုးစားလျက်ရှိသည်။ ထို့ပြင် မြောက်ဦးမြို့၊ ကျောက်ဖြူမြို့၊ ရမ်းဗြဲမြို့၊ပေါက်တောမြို့၊အမ်းမြို့နှင့်ချင်း-ရခိုင်နယ်စပ်ပလက်ဝမြို့များတွင် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

စာတည်း။ ။အောင်ကျော်ဖြိုး