ညောင်လေးပင်မြို့၊ပုဇွန်မြောင်းကျေးရွာကို စစ်ကောင်စီမီးရှို့ပြီး မြေမြှုပ်မိုင်းများထောင်

စစ်ကောင်စီ​၏ မီးရှို့မှုကြောင့် ပုဇွန်မြောင်းရွာမှ ဒေသခံနေအိမ်များ မီးလောင်ကျွမ်းနေစဉ် (ဓါတ်ပုံ- KNU)

YT

(မဇ္ဈိမ)။ ။ ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာတွင် စစ်ကောင်စီတပ်က တပ်စွဲပြီး ဒေသခံများ၏နေအိမ်များကို မီးရှို့ဖျက်ဆီးသည့်အပြင် ရွာထဲ၌ မြေမြှုပ်မိုင်းများပါ ထောင်ထားကြောင်း မြေပြင်သတင်းရင်းမြစ်များကပြောသည်။

ညောင်လေးပင်မြို့အခြေစိုက် စစ်ကောင်စီခြေလျင်တပ်ရင်း ခလရ (၂၀)မှ စစ်ကောင်စီတပ်သားများက မတ်လ ၈ ရက်နေ့မှစ၍ ပုဇွန်မြောင်းကျေးရွာအတွင်း ဝင်ရောက်လာခြင်းဟု ဒေသခံများကပြောသည်။

” သူတို့ ယူချင်တာယူပြီးသွားရင် ရှို့တာပဲ။ တရွာလုံးကိုအိမ်ခြေ ၁,၅၀၀ ခန့်ရှိပါတယ်။ လူတဦးမှမနေပါ။ စကစ ၇၀ ခန့် တပ်စွဲထားပါတယ်။ အိမ်ခြေ ၈၀၀ လောက် မီးရှို့ထားဟု ခန့်မှန်းရပါတယ်။ ရွာထဲ ဝင်မရဘူး။ ခြေနင်းမိုင်း ရာချီထောင်ထားပါတယ်” ဟု စစ်ဘေးရှောင်နေသည့် ဒေသခံတဦးက မဇ္ဈိမကိုပြောသည်။

စစ်ကောင်စီ၏မီးရှို့ဖျက်ဆီးမှုကြောင့် ပျက်စီးသွားသည့်နေအိမ်အရေအတွက်ကို အသေးစိတ်မသိရှိရသေးပေ။

စစ်ကောင်စီက မကြာခဏ စစ်ကြောင်းထိုးဝင်ရောက်ပြီး လက်နက်ကြီးများဖြင့်ပစ်ခတ်ခြင်း၊ နေအိမ်များအား မီးရှို့ဖျက်ဆီးခြင်းများ ပြုလုပ်သဖြင့် ဒေသခံများသည် ပုဇွန်မြောင်းရွာကို ရွာလုံးကျွတ် စွန့်ခွာ၍ တိမ်းရှောင်နေကြသည်မှာ ခုနစ်လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။

နေရပ်သို့ပြန်လိုသော်လည်း ‌နေအိမ်မီးထဲပါသွားခြင်း၊ မိုင်း အန္တရာယ်ကြောက်လန့်ခြင်းတို့ကြောင့် မပြန်ရဲသေးကြောင်း စစ်ဘေးရှောင်များကပြောသည်။

” ကျွန်တော်တို့မှာပြန်စရာအိမ်မရှိတော့ပါဘူး။ လောလောဆယ်ရွာထဲ ပစ္စည်းခိုးယူတဲ့လူကလွဲပြီး ရွာသားတိုင်းသွားလို့မရဘူး။ ဖမ်းတယ်။အသတ်ခံရတယ်။ ပြီးတော့ အရင်ကလည်း မြေမြှုပ်မိုင်းကြောင့် လူထိခိုက်တာတွေ ရှိတယ်” ဟု စစ်ဘေးရှောင်တဦးကပြောသည်။

ညောင်လေးပင်မြို့ လတ်တလောအခြေအနေနှင့်ပတ်သက်၍ စစ်ကောင်စီဘက်ကသတင်းထုတ်ပြန်ထားခြင်းမရှိသေးပေ။

ပုဇွန်မြောင်းကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီက လက်နက်ကြီး၊ လက်နက်ငယ်(သေနတ်) ရမ်းသမ်းပစ်ခတ်နေသောကြောင့် အနီးအနားကျေးရွာများတွင်လက်နက်ကြီးကျရောက်ပေါက်ကွဲမှုများရှိနေကြောင်း ဒေသခံများထံမှ သိရသည်။

စာတည်း – အေးချမ်း