ကနီမြို့နယ် တဇယ်ချောင်ကျေးရွာနှင့် မင်းကုန်းကျေးရွာ မီးရှို့ဖျက်ဆီးခံရ

လွှမ်းမိုး

(မဇ္စျိမ)။ ။ စစ်ကိုင်းတိုင်း ၊ ကနီမြို့နယ်ရှိ တဇယ်ချောင်ကျေးရွာနှင့် မင်းကုန်းကျေးရွာတို့မှ နေအိမ်များကို စစ်ကောင်စီတပ်က မတ်လ ၁၅ ရက် မွန်းလွဲ ၂ နာရီ အချိန်တွင် မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်သွားသည်ဟု သိရသည်။

“ရွာကနေအိမ်တွေ မီးရှို့ခံနေရတာကို အဝေးကနေမြင်နေရတယ်။ ကိုယ့်အိမ်လည်း မီးထဲပါသွားပြီလားဆိုတာ မသိရတော့ စိတ်ပူနေရတယ်။ စစ်ရှောင်ပြီး ပြန်လာလို့ နေစရာအိမ်မှ ရှိပါ့မလားဆိုတဲ့ ပူပင်မှုတွေနဲ့ အိပ်လို့မပျော်ဘူး” ဟု စစ်ရှောင်အမျိုးသမီးတဦးက ဆိုသည်။

စစ်ကောင်စီတပ်ဖွဲ့သည် တဇယ်ချောင် ကျေးရွာကို မီးရှို့ဖျက်ဆီးပြီးနောက် မင်းကုန်းကျေးရွာအား မီးရှို့ခဲ့ခြင်းဖြစ်ပြီး နေအိမ်ပျက်စီးမှုအခြေအနေကိုအတိအကျ မသိရသေးကြောင်း ကာကွယ်ရေးရဲဘော်တဦးက ဆိုသည်။

ကနီမြို့ပေါ်တွင် စစ်ကောင်စီတပ်ဖွဲ့နှင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တို့ မတ်လ ၂ ရက်နေ့ မှ စတင်ကာ တိုက်ပွဲဖြစ်ပွားခဲ့ခြင်း‌ဖြစ်ပြီး စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် မတ်လ ၁၂ ရက်နေ့တွင် ကာကွယ်ရေးတပ်ဖွဲ့များ မြို့ပေါ်မှ ပြန်လည်ဆုတ်ခွါခဲ့ရသည်ဟု ၎င်းကပြောသည်။

“မြို့ပေါ်မှာ ၁၁ ရက်လောက် အပြင်းအထန် တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီတပ်က လေကြောင်းသုံး တိုက်ခိုက်မှု အကြိမ် ၁၀၀ လောက် လုပ်ခဲ့တယ်။ တပ်ရင်း တရင်းစာလောက် စစ်အင်အား ဖြည့်တင်းမှုတွေလုပ်ခဲ့တယ်။ ကာကွယ်ရေးတပ်ဖွဲ့ဝင် တွေဘက်က ရဲဘော် ၁၁ ဦး ကျဆုံးပြီးနောက်မှာ မြို့ပေါ်ကနေ ပြန်လည် ဆုတ်ခွါခဲ့တာ ဖြစ်တယ်” ဟု ကာကွယ်ရေးရဲဘော်တဦးက ပြောသည်။

ထို့နောက် အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီတပ်ဖွဲ့သည် ကနီမြို့အနီးရှိ ကျေးရွာများကို စစ်ကြောင်းထိုးကာ မီးရှို့ဖျက်ဆီမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း မဇ္စျိမ၏ မြေပြင် သတင်းရင်းမြစ်က ဆိုသည်။

ထိုသို့ စစ်ကောင်စီတပ်ဖွဲ့၏ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများကြောင့် ကနီမြို့ အနီးရှိ မင်းကုန်း ၊ ညောင်ပင်ဝန်း ၊ ညောင်သများ ၊ တဇယ်ချောင် ၊ ပန်းဆိုင်း ၊ ငါးဖျတ် စသည့် ကျေးရွာများမှ ဒေသခံ ၁၀၀၀၀ ခန့် နေရပ်စွန့်ခွါ စစ်ရှောင်နေရပြီး စစ်ရှောင်ရက် ကြာလာသည်နှင့်အမျှ စားဝတ်နေရေး အခက်အခဲများ ရှိနေကြောင်း သိရသည်။

မတ်လ ၁၄ ရက်နေ့တွင်လည်း စစ်ကောင်စီတပ် စစ်ကြောင်းက ညောင်ပင်ဝန်း ကျေးရွာကို ရွာလုံးကျွတ်နီးပါး မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ကြောင်း မဇ္စျိမ၏ မြေပြင်သတင်းရင်းမြစ်ထံက သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ