NWSL ကလပ် ဆီယက်တဲလ်က ရာပီနိုးရဲ့ နံပါတ် ၁၅ ဂျာစီကို အနားပေးမည်

By PKThawn

ဆီယက်တဲလ် ရိန့်အသင်းဟာ အမေရိကန် အမျိုးသမီးလက်ရွေးစင်ကြယ်ပွင့်ဟောင်း မက်ဂန် ရာပီနိုးရဲ့ နံပါတ် ၁၅ ဂျာစီကို အနားပေးတော့မှာဖြစ်ပါတယ်။

National Women’s Soccer League ကလပ်ဟာ North Carolina Courage ကို အိမ်ကွင်းမှာ လက်ခံကစားတဲ့အခါ ပြီးခဲ့တဲ့နှစ်က အသက် ၃၈ နှစ်မှာ ဘောလုံးကနေ အနားယူခဲ့တဲ့ ရာပီနိုးရဲ့ ကစားသမားဘဝကို ဩဂုတ်လ ၂၅ ရက်နေ့မှာ ဂုဏ်ပြုမှာဖြစ်တယ်လို့ ကြာသပတေးနေ့မှာ ကြေညာခဲ့ပါတယ်။

ရာပီနိုးဟာ အသင်းနဲ့ ၂၀၁၃ ပွဲဦးထွက်ကနေ ၂၀၂၃ ရာသီအထိ ဆီယက်တဲလ် ဂျာစီကို ဝတ်ဆင်တဲ့ ကစားသမား သုံးဦးထဲက တဦးဖြစ်ခဲ့ပါတယ်။ သူမရဲ့ ဂျာစီဟာ NWSL ကလပ်အသင်းက အနားပေးမယ့် ဒုတိယမြောက်တည်းသော ဂျာစီဖြစ်လာမှာပါ။

“ဒီဂျာစီနဲ့အတူ ဘဝကို အများကြီး ဖြတ်သန်းခဲ့ရဖူးပြီး ကျမနဲ့အတူ ဒါကို အနားပေးတာ မြင်တွေ့ရလို့ ဂုဏ်ယူမိပါတယ်”လို့ ရာပီနိုးက ထုတ်ပြန်ချက်မှာ ပြောပါတယ်။ “ဒါက အသင်းတသင်း၊ မြို့တမြို့နဲ့ တသက်တာ အမှတ်တရတွေကို ကိုယ့်ထက် အများကြီး ကိုယ်စားပြုတယ်”

ရာပီနိုးဟာ အမေရိကန်အမျိုးသမီးအသင်းကို ၂၀၁၂ လန်ဒန်မှာ အိုလံပစ်ရွှေတံဆိပ် ဆွတ်ခူးရာမှာ ကူညီပေးခဲ့ပြီး ၂၀၁၅ နဲ့ ၂၀၁၉ တို့မှာ အမျိုးသမီးကမ္ဘာ့ဖလားတွေကိုပါ ရယူပေးနိုင်ခဲ့ပါတယ်။

သူမဟာ ဆီယက်တဲလ်အတွက် ပုံမှန်ရာသီ ၁၁၅ ပွဲနဲ့ playoff ၁၁ ပွဲကစားခဲ့ပြီး သွင်းဂိုး ၅၄၊ ဂိုးဖန်တီးမှု ၂၈ ကြိမ်နဲ့အတူ အသင်းစံချိန်မှတ်တမ်းတွေ ရေးထိုးခဲ့ပါတယ်။

“ဒီအားကစားမှာ ပီနိုးရဲ့ အကျိုးသက်ရောက်မှုကို စကားလုံးနဲ့ဖော်ပြဖို့ဆိုတာ မဖြစ်နိုင်လောက်နီးနီးပါ” လို့ ရိန့်အသင်းနည်းပြ လော်ရာ ဟာဗေးက ပြောပါတယ်။

“သူမဟာ အကြီးကျယ်ဆုံးတွေထဲက တယောက်အဖြစ် သူ့ကိုယ်ကို ခိုင်မာစေခဲ့ပြီး နံပါတ် ၁၅ ဝတ်ဆင်ရင်း ကွင်းထဲမှာ သူပြီးမြောက်ခဲ့သမျှကို ကျမတို့တွေ အသိအမှတ်ပြုတဲ့အနေနဲ့ ဂုဏ်ယူမိပါတယ်။”

ရာပီနိုးဟာ အမေရိကန်ဘောလုံးအဖွဲ့ချုပ်ရဲ့ အမျိုးသားကစားသမားတွေနဲ့ ယှဉ်ပြီး အမျိုးသမီးကစားသမားတွေအတွက် တန်းတူညီမျှတဲ့ လစာနဲ့ သတ်မှတ်ချက်တွေကို ဆော်သြတဲ့အပြင် LGBTQ+ အခွင့်အရေး၊ လူမျိုးရေး တရားမျှတမှုနဲ့ ကျားမရေးရာ တန်းတူညီမျှမှုတို့ကို လှုံ့ဆော်ပေးခဲ့သူဖြစ်ပါတယ်။ သူမဟာ Presidential Medal of Freedom ဆုတံဆိပ်ကို ရရှိခဲ့ပြီး လူမှုရေးရာ တရားမျှတမှု ရှေ့ဆောင်တဦးဖြစ်ခဲ့ပါတယ်။

(AFP)