မင်းတပ်တွင် လေကြောင်းဗုံးကြဲခံရကာ အမျိုးသမီး ၂ဦးသေဆုံး

ပုံအညွှန်း။ ။ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲစဥ် (ပုံဟောင်း) / ဓာတ်ပုံ။ ။ CJ

ပုံအညွှန်း။ ။ စစ်ကောင်စီတပ်မှ ဂျက်ဖိုက်တာဖြင့် ဗုံးကြဲစဥ် (ပုံဟောင်း) / ဓာတ်ပုံ။ ။ CJ

ကိုခင်မောင်

(မဇ္စျိမ) ။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် ဒေသခံအမျိုးသမီးနှစ်ဦး သေဆုံးသွားသည်ဟု မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ယမန်နေ့ မတ်လ ၁၅ ရက်တွင် သတင်းထုတ်ပြန်သည်။

ယမန်နေ့ နေ့လယ် ၁၂နာရီ ၂၈မိနစ်အချိန်တွင် မင်းတပ်မြို့နယ် တိုက်နယ် (၃) ဘက်ရှိ မထောရွာနှင့် ကီးသာရွာတို့ကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ဂျက်ဖိုက်တာဖြင့် နှစ်ကြိမ် ဗုံးလေးလုံး ကြဲချသွားခြင်းဖြစ်ကြောင်း ဒေသခံတဦးက မဇ္စျိမသို့ ပြောသည်။

“ဘာတိုက်ပွဲမှ မရှိဘူးလေ။ အကြောင်းမဲ့သက်သက်တိုက်ခိုက်တာပါ။ အိမ်တွင်း နေထိုင်နေတဲ့ ပြည်သူသားအမိနှစ်ဦး နေရာမှာ မီးလောင်ပြီး ထိခိုက် သေဆုံးသွားပါတယ်” ဟု ၎င်းကပြောသည်။

အသက် ၄၀နှစ်အရွယ် အမျိုးသမီးတဦးနှင့်အသက်၆ နှစ်အရွယ် သမီးဖြစ်သူတို့ သေဆုံးသွားခြင်းဖြစ်ပြီး ဘုရားကျောင်း၊ စာသင်ကျောင်းနှင့် လူနေအိမ် အများအပြား ထိခိုက်ပျက်စီးမှုရှိကာ နေအိမ်တလုံး မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံထံမှ သိရသည်။

ထို့အပြင် အသက်၂၈နှစ်အရွယ် CDM ကျောင်းဆရာတဦး ပြင်းထန်ဒဏ်ရာရှိပြီး အသက်၇နှစ်နှင့် ၁၀နှစ်အရွယ် ယောက်ျားလေးနှစ်ဦးလည်း မျက်နှာနှင့် လက်မောင်းတွင် ဒဏ်ရာအသီးသီးရရှိကာ အသက် ၇၀နှစ်အရွယ် အမျိုးသားတဦးသည်လည်း ညာဘက်ရင်ဘတ်တွင် ထိခိုက်ဒဏ်ရများ ရရှိခဲ့ကြောင်း သိရသည်။

ယမန်နေ့ ညနေပိုင်းတွင်လည်း ကျောက်ထုအမြောက်တပ်မှ ၁၂၀ မမ လက်နက်ကြီးဖြင့် ပစ်ခတ်မှုပြုလုပ်ခဲ့ရာ ကျောက်ထုနယ်တနေရာနှင့် ကန်ပက်လက်မြို့နယ် အမှတ် (၅) နေရာတို့တွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ထိခိုက်မှုမရှိကြောင်း ဒေသခံထံမှ သိရသည်။

မတ်လ ၈ ရက်နေ့ကလည်း မင်းတပ်မြို့နယ် တိုက်နယ် အမှတ်(၁)ဘက်ခြမ်းရှိ စွန်တောင်ကျေးရွာတွင် အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အခမ်းအနား ကျင်းပစဥ် စစ်ကောင်စီတပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံနှစ်ဦး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာများ ရရှိသွားကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ထံမှ သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ