ကန့်သတ်မှုများကြောင့် မင်းတပ်မြို့သို့ ဆန်၊ စားနပ်ရိက္ခာများ သယ်ယူရာတွင်အခက်ကြုံနေရဟုဆို

ပုံအညွှန်း-မင်းတပ်မြို၂၇၄ တပ်ရင်း ဟိုကင်းရှေ့ နှင့် အဝေးပစ် ၁၂၀ မမထားရှိသည့်နေရာ။

(မဇ္ဈိမ)။ ။ချင်းပြည်နယ်၊ မင်းတပ်မြို့ပေါ်နေဒေသခံများသည် ကျောက်ထုဘက်ခြမ်းမှ ဆန်နှင့်စားနပ်ရိက္ခာများ သယ်ယူရာတွင် ဒေသခံကာကွယ်ရေး တပ်များနှင့် စစ်ကောင်စီတပ်များ၏ အဆင့်ဆင့်တားဆီးမှုများကြောင့် အခက်တွေ့နေရသည်ဟု သတင်းအရင်းအမြစ်ထံမှ သိရသည်။

‘’နှစ်ဖက်စလုံးက မှန်နေကြတယ်ဗျာ။အခုမင်းတပ်မြို့ပေါ်စစ်ကောင်စီတပ်တွေက ရိက္ခာပြတ်နေကြပြီ။သူတို့ဆီကို ကုန်းကြောင်းကနေ ဘယ်ရိက္ခာမှ သယ်လို့မရဘူး၊ပို့လို့မရဘူး၊အနီးဆုံး ပခုက္ကူကနေ စထွက်တည်းက သက်ဆိုင်ရာ နယ်မြေအလိုက် ဒေသခံကာကွယ်ရေးတပ်တွေက တိုက်နေတော့ ရိက္ခာပို့မရဘူး။ ဒီတော့ ပြည်သူတွေသယ်လာတဲ့ ဆန်တွေကို သူတို့က ဖြတ်ယူတာတွေရှိတယ်။ ဝယ်တာတွေရှိတယ်။ဒါတွေကိုသိတော့ ဒေသခံကာကွယ်ရေး တပ်တွေကတားတယ်။ပိတ်တယ်။ဆိုင်ကယ်တစီးကို တတင်းခွဲပဲ သယ်ယူခွင့်ပြုတယ်။စစ်ကောင်စီကြပြန်တော့လည်း မင်းတပ်အဝင်ဂိတ်မှာ ဖြတ်ပြီးတော့ဝယ်တယ်။အရင်းတိုင်းဝယ်တာ။ဒီတော့အိမ်မှာစားဖို့ ဆန်သွားသယ်ကြတဲ့သူတွေက ဆိုင်ကယ်ဆီဖိုး အကုန်ခံပြီး စစ်ကောင်စီအတွက် ဆန်သွားသယ်ပေးရသလိုဖြစ်ဖြစ်နေတယ်’’ဟု ကျောက်ထုဘက်တွင် ဆန်သွားသယ်လာသူတဦးက ဆိုသည်။

မြို့အဝင်အထွက်ဂိတ်တွင် လုံခြုံရေးရယူနေသည့်စစ်ကောင်စီတပ်များမှ မြို့ထဲသို့ဝင်လာသည့်ဆိုင်ကယ်များ၊ ဆန်များသယ်ယူလာသူများကို ဆိုင်ကယ်တစီးလျှင် ဓါတ်ဆီတလီတာ(သို့မဟုတ်) ဓါတ်ဆီတလီတာနှင့် ညီမျှသည့် ငွေ ၄၅၀၀ ကျပ်ကို တောင်းယူနေကြသည်ဟု သိရသည်။

မင်းတပ်မြို့ပေါ်၌ ရိက္ခာပြတ်လပ်နေသည့် စစ်ကောင်စီ၏ (၂၄၇) တပ်ရင်းထဲသို့ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၁၄ ရက်နေ့က ကုန်တင်စစ်လေယာဥ်မှ လေထီးဖြင့် ရိက္ခာထုပ် ၁၀ ထုပ်ခန့်ကို လေးကြိမ်လာရောက်ပစ်ချပေးခဲ့‌သည်ဟုလည်း သိရသည်။

စာတည်း ။ ။ ဖူးသိမ်ကျ