စစ်မှုထမ်းဥပဒေ လည်ပတ်အောင် ကူညီနေသူများကို မျက်ခြေမပြတ် စောင့်ကြည့်နေဟု မန္တလေး တော်လှန်ရေးအင်အားစုများ သတိပေး

စစ်ကောင်စီကို တိုက်ခိုက်နေသည့် MDY- PDF တပ်ဖွဲ့ဝင်အချို့ကို တွေ့ရစဉ် (Photo- AFP)

007

(မဇ္စျိမ) ။ ။ စစ်မှုထမ်းဥပဒေ လည်ပတ်အောင် ကူညီနေသူများကို မျက်ခြေမပြတ် စောင့်ကြည့်နေသည်ဟု မန္တလေးတိုင်းအခြေပြု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့ ၁၂ ဖွဲ့က မတ်လ ၁၇ ရက်နေ့ ရက်စွဲဖြင့် သတိပေးချက် ထုတ်ပြန်သည်။

မန္တလေး အပါအဝင် မြို့ကြီးများတွင် ရပ်ကွက်နှင့် ကျေးရွာများမှ ပြည်သူများအား စစ်မှုထမ်း ဥပဒေအကြောင်းပြကာ တအိမ်တယောက်နှုန်းဖြင့် ခေါ်ယူဟောပြော စည်းရုံးခြင်း၊ စစ်မှုထမ်းရန် စာရင်းဖြည့်ခိုင်းခြင်းအပြင် ခြိမ်းခြောက်ငွေညှစ်တောင်းယူခြင်းများ ပြုလုပ်နေချိန် မန္တလေးတော်လှန်ရေးအင်အားစုများ၏ သတိပေးချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အောင်စည်တော် (AST-MDY)အဖွဲ့၊ No More Dictatorship(NMD-MDY)၊ ပုသိမ်ကြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ မြစ်ငယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(MN PDF)၊ Generation Z Power (GZP-MDY)၊ Special Task Force(STF-MDY)၊ Twaylikali Attacking & Production၊ Black Garuda PDF၊ ဂဠုန်ဝါပြောက်ကျားတပ်ဖွဲ့၊ အမရစစ်သည်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ YATANABON(YDNB-MDY)နှင့် မော်ကွန်းသစ် မြို့ပြပြောက်ကျားတပ်ဖွဲ့တို့ ပူးပေါင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေ လည်ပတ်အောင် အားပေးကူညီနေသည့် စစ်ကောင်စီ လက်အောက်ခံ လ၀က၊ ထွေ/အုပ်များ၊ ရပ်ကျေး ရာအိမ်မှူး၊ ဆယ်အိမ်များနှင့် အခြားသော ထောက်ပံ့ပေးနေသူများကို ဦးတည်ပြီး မန္တလေးတော်လှန်ရေး ပူးပေါင်းအဖွဲ့က သတိပေးချက် ထုတ်ပြန်ခြင်း ဖြစ်သည်။

“ပြင်းပြင်းထန်ထန် အရေးယူသွားမှာပါ၊ သတိပေးတာမျိုးတွေ ထပ်လုပ်သွားမှာ မဟုတ်ပါဘူး၊ ကျွန်တော်တို့က စစ်ကောင်စီလိုတော့ အကြမ်းဖက်သမားတွေမဟုတ်ဘူး၊ အပြစ်ရှိရင် အပြစ်ပေးခံရမယ်” ဟု ကြေညာချက် ပူးပေါင်းထုတ်ပြန်သည့် No More Dictatorship(NMD-MDY)မှ တာဝန်ရှိသူတဦးက မဇ္စျိမကို ပြောသည်။

စစ်ကောင်စီခန့် အုပ်ချုပ်ရေးအရာရှိများသည် နိုင်ငံရေး မတည်ငြိမ်မှုကို အခွင့်ကောင်းယူကာ လူထုအပေါ် ငွေညှစ်ထုတ် အကျိုးစီးပွား ရှာနေကြသည်ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

ယင်းသည် ပြည်တွင်းစစ်ဘေးကြောင့် ဒုက္ခရောက်နေသည့် ပြည်သူများကို လစ်လျူရူသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း မန္တလေးတော်လှန်ရေးတပ်ဖွဲ့များက ဆိုသည်။

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း စစ်မှုထမ်းဥပဒေ လည်ပတ်နိုင်အောင် ပါဝင်ကူညီသူများကို အောက်ခြေအဆင့်ထိ စုံစမ်းကာ အရေးယူသွားမည်ဟု သတိပေးထားပြီး စစ်မှုထမ်းရန် ဖိအားပေးခံရသူများ ပြည်သူနှင့်အတူ ပူးပေါင်းနိုင်ကြောင်း တိုက်တွန်းထားသည်။

ရှမ်းမြောက်နှင့် ရခိုင်တွင် အဓိက မြို့ကြီးများကို လက်လွှတ်ခဲ့ရ‌သော စစ်ကောင်စီသည် အရှုံးနှင့် ရင်ဆိုင်ရေချိန် ၎င်းတို့တပ်သားသစ် လိုချက်အတွက် စစ်အာဏာရှင်ဟောင်း လက်ထက်က ရေးဆွဲခဲ့သော အရွယ်ရောက်ပြီးသူ နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို ဖေဖော်ဝါရီလက အသက်သွင်းခဲ့သည်။

လက်ရှိမှာ စစ်ကောင်စီက ၎င်းတို့စိုးမိုးထားသည့် မြို့ပေါ်ရပ်ကွက်များတွင် စစ်မှုထမ်းရန် ဆင့်ခေါ်မည့် လူငယ်များအား စာရင်းစတင်ကောက်ခံနေပြီဖြစ်ကာ စစ်မှုမထမ်းလိုသော လူငယ်အများအပြားလည်း ပြည်ပနိုင်ငံများသို့ ထွက်ရန် ကြိုးစားနေကြပြီး လက်နက်ကိုင် တော်လှန်ရေးအင်အားစု ထိန်းချုပ်ရာ နယ်မြေများသို့ သွားရောက်ခိုလှုံနေသူများလည်း ရှိလာသည်။

စာတည်း။ ။ နောင်နောင်