ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး ထောင်ဒဏ် ၂ နှစ်ချမှတ်ခံရ

ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေး

001

(မဇ္ဈိမ)။ ။ ရခိုင်အမျိုးသမီးကွန်ရက် ဥက္ကဋ္ဌ ဒေါ်ညိုအေးကို စစ်ကောင်စီ ထိန်းချုပ်ထားသည့် စစ်တွေမြို့နယ် တရားရုံးက ယနေ့ မတ်လ ၁၈ ရက်နေ့တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅ (က)ဖြင့် ထောင်ဒဏ် နှစ်နှစ် ချမှတ်လိုက်ကြောင်း သိရသည်။

“တက်ရောက်သူအနေနဲ့ ပြစ်မှုထင်ရှားတယ်ဆိုပြီး ၅၀၅ (က) နဲ့ထောင်ဒဏ် နှစ်နှစ်ချတယ်။ စစ်တွေမြို့နယ် တရားရုံးက ချလိုက်တာပါ။ ဒီနေ့မနက် ၁၁ နာရီခွဲ ၁၂ နာရီဝန်းကျင်လောက်က ချလိုက်တာ”ဟု ဒေါ်ညိုအေး၏ သမီးဖြစ်သူ မစောမြသန္တာက ပြောသည်။

အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ ဒေါ်ညိုအေးကို စစ်တွေမြို့နယ်တရားရုံးက ‌လက်ရှိဖမ်းဆီးထားသည့် စစ်တွေထောင်၌ပင် ပြစ်ဒဏ်ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။

စစ်တွေဆန်ပြဿနာနေ့ (၅၆) နှစ်မြောက် အခမ်းအနားတက်ရောက်ခဲ့မှုဖြင့် ဒေါ်ညိုအေးအား ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် ဩဂုတ်လ ၁၅ ရက်နေ့က စစ်တွေရှိ ရခိုင်အမျိုးသမီးကွန်ရက်ရုံးတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

အဆိုပါ စစ်တွေဆန်ပြဿနာနေ့ အခမ်းအနားကို ရခိုင်ပြည်ကျောင်းသားသမဂ္ဂက ဦးဆောင်ပြီး ပြီးခဲ့သည့် ဩဂုတ်လ ၁၃ ရက်နေ့က စစ်တွေရှိ ကျောင်းသားသမဂ္ဂရုံးတွင် ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ အမိန့်ချမှတ်လိုက်သည့်အပေါ် အယူခံဆက်တက်ပါကလည်း ထူးခြားလာမည်မဟုတ်သည့်အတွက် အယူခံဆက်လက်တက်ရန် မရှိကြောင်း မစောမြသန္တာကပြောသည်။

“အခုအမိန့်ချလိုက်တဲ့အပေါ် ထပ်ပြီးတော့ အယူခံဝင်မလား၊ မဝင်ဘူးလားဆိုတာကလည်း ဘာမှ ထူးခြားလာမှာမဟုတ်ဘူးလေ။ ပြန်ပြီး အယူခံဝင်မယ်ဆိုရင်လည်း ထူးခြားလာမယ့် အမှုမဟုတ်တဲ့အတွက်ကြောင့် အယူခံဝင်ဖို့က အစီအစဉ်မရှိတော့ဘူး” ဟု ဆိုသည်။

လက်ရှိတွင် ဒေါ်ညိုအေးအနေဖြင့် သွေးတိုးရောဂါ ခံစားနေရသည့်အပြင် အသည်းအဆီဖုံးမှုလည်းဖြစ်ပွားနေသည့်အတွက် အကျဉ်းထောင်တွင်း ဆေးကုသမှုခံယူနေရပြီး လိုအပ်သည့်ဆေးဝါးများကို မိသားစုက ဝယ်ယူပေးနေရကြောင်း သိရသည်။

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် ပါတီခေတ် ၁၉၆၇ ခုနှစ်က ရခိုင်ပြည်နယ်တွင် ဆန်စပါးရှားပါးပြီး အငတ်ဘေးကြုံတွေ့ရသည့်အတွက် စစ်တွေတွင် ဆန္ဒပြမှုဖြစ်ပွားခဲ့ပြီး အဆိုပါ ဆန္ဒပြပြည်သူများကို စစ်တပ်က သေနတ်ဖြင့် ပစ်ခတ်ခဲ့သည့်အတွက် ဩဂုတ်လ ၁၃ ရက်နေ့တွင် လူပေါင်း ၂၀၀ ကျော်သေဆုံးခဲ့ရကြောင်း သိရသည်။

ထို့ကြောင့် ဩဂုတ်လ ၁၃ ရက်နေ့ကို စစ်တွေ ဆန်ပြဿနာနေ့အဖြစ်သတ်မှတ်ပြီး အောက်မေ့ဖွယ်အခမ်းအနားများ ကျင်းပလေ့ရှိသည်။

စာတည်း။ ။အောင်ကျော်ဖြိုး