မန္တလေးမြို့အပူချိန်မြင့်တက်မှု အပူရှပ်ဖျားနာလူနာ များလာပြီး ဒေသခံများမြို့ပြင်ထွက်အပူရှောင်

မြို့ပြင်ထွက် အပူရှောင်နေကြသူများ

007

(မဇ္ဈိမ)။ ။မန္တလေးမြို့တွင် ယခုရက်ပိုင်း ရာသီဥတုပူပြင်းလာသဖြင့် အပူရှပ်ပြီးဖျားနာမှုများပိုမိုဖြစ်ပွားလာပြီး ဒေသခံများသည် မြို့အပြင်ဘက်ဆည်မြောင်းမြစ်ချောင်းများသို့ သွားရောက်အပူရှောင်လာကြသည်။

ပြီးခဲ့သည့်ဖေဖော်ဝါရီလကုန်ပိုင်းမှစ၍ မန္တလေးမြို့တွင် အပူချိန်မြင့်တက်လာပြီး ယခု မတ်လဆန်းတွင် ပိုမိုပူပြင်းလာကြောင်း ဒေသခံများကပြောသည်။

“အထူးသဖြင့် သက်ကြီးရွယ်အိုနဲ့ ကလေးငယ်ရှိတဲ့မိသားစုတွေ မခံနိုင်တော့လွန်းလို့ အပူရှောင်ကြရတယ်။ ရေတံခွန်တောင်ဘက်က ဆည်မြောင်းတွေနဲ့ အပန်းဖြေစခန်းတွေဆီ သွားရှောင်ရတယ်” ဟု မန္တလေးမြို့ခံတဦး ကပြောသည်။

နေ့အပူချိန်မြင့်တက်လာမှုကြောင့် အပူရှပ်ပြီးဖျားနာမှုများဖြစ်ပွားနေရာ မတ်လ ၁ ရက်နေ့မှ ယနေ့ မတ်လ ၁၉ရက်နေ့အထိ အပူဒဏ်ကြောင့်ဖျားနာသူဦးရေ ၅၀ ထက်မနည်းရှိခဲ့ကြောင်း လူမှုကူညီကယ် ဆယ်ရေးအသင်းအဖွဲ့များကထုတ်ပြန်သည့်အချက်အလက်များအရသိရသည်။

“တအားပူပြင်းချိန် ရုတ်တရတ်လဲကျသွားလို့ အကူအညီတောင်းတာတွေရှိတယ်။ ရှေးဦးပြုစုမှုပေးပြီး အချိန်မီဆေးရုံပို့ပေးနိုင်လို့ ဒီနေ့အထိတော့ အသက်အန္တရာယ်အထိ မဖြစ်သေးဘူး။ ဒီထက်ပူလာရင် မြို့ပြင်ထွက်ပြီးအပူရှောင်ကြတာလည်းတမျိုးကောင်းပါတယ်” ဟု မြို့ခံလူမှုကူညီရေးအသင်းတခုမှတာဝန်ရှိသူကပြောသည်။

မန္တလေးမြို့တွင် ယမန်နှစ်နွေရာသီက အပူရှပ်ပြီးမူးလဲကျသေဆုံးခဲ့သူ၁၀ဦးထက်မနည်းရှိခဲ့ကြောင်းလည်း မြို့ခံလူမှုကူညီရေးအသင်းများထံမှသိရသည်။

မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ယခုမတ်လအတွင်း မန္တလေးတိုင်း၊ရန်ကုန်တိုင်း၊ နေပြည်တော်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ပဲခူးတိုင်းနှင့် ဧရာ၀တီတိုင်းတို့၌ ပုံမှန်ထက် အပူချိန်မြင့်နိုင်ကြောင်း သတိပေးထားသည်။

မြန်မာနိုင်ငံ၏ ရာသီဥတုအခြေအနေအရ အပူပြင်းဆုံးကာလမှာ မတ်လနှင့် ဧပြီလဖြစ်ပြီး လတ်တလောကာလတွင်လည်း ဒေသအများစု၌ နေ့အပူချိန်များ မြင့်တက်နေကြောင်း သိရသည်။

အပူချိန်များ ပုံမှန်ထက်မြင့်တက်နေပါက နောက်ဆက်တွဲကျန်းမာရေးပြဿနာများ ကြုံတွေ့ရလေ့ရှိသောကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ကျန်းမာရေးမကောင်းသူများအား ပိုမို ဂရုစိုက်ရန်လိုအပ်ကြောင်း ဆေးပညာရပ်ဆိုင်ရာ ကျွမ်းကျင်သူများက အကြံပြုသည်။

စာတည်း – အေးချမ်း