ဘာသာ​ရေးဆရာကို လက်နက်ကိုင်များက လုပ်ကြံသတ်ဖြတ်သည့်အပေါ် ရှုတ်ချကြောင်း KHRW ထုတ်ပြန်

ဦးခွန်​ဂျော်လီအား​တွေ့ရစဥ် (Nammye Hkun Jaw Li Facebook)

001

(မဇ္ဈိမ)။ ။ ကချင်ပြည်နယ်၊ မိုး​ကောင်းမြို့နယ်၊ နမ္မတီးမြို့တွင် ခရစ်ယာန်ဘာသာရေးဆရာနှင့် လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးဖြစ်သည့် ဦးခွန်ဂျော်လီကို အမည်မသိ လက်နက်ကိုင်အဖွဲ့မှ မတ်လ ၁၈ ရက်နေ့က လုပ်ကြံသတ်ဖြတ်လိုက်သည့်အပေါ် ကန့်ကွက်ရှုတ်ချကြောင်း ကချင်လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့ (KHRW)က သဘောထား ထုတ်ပြန်ထားသည်။

နမ္မတီးမြို့ လမ်းခွကျေးရွာတွင် ကွန်ပျူတာဆိုင်ဖွင့်ထားသည့် အသက် ၄၇ နှစ်အရွယ် ဦးခွန်ဂျော်လီသည် မတ်လ ၁၈ ရက်နေ့ မွန်းလွဲပိုင်းက ၎င်း၏ ဆိုင်တွင် သေနတ်ဖြင့် လုပ်ကြံသတ်ဖြတ်ခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

KHRW ပြောရေးဆိုခွင့်ရှိသူ ကိုဂျက်ကော့က “သူကတော့ Activist (တက်ကြွလှုပ်ရှားသူ) ဟုတ်တယ်။ လူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူဖြစ်သလို ဘာသာရေးမှာလည်း Activist ဖြစ်တယ်၊ ဆိုတော့ ဒီလိုမျိုးဆိုတော့ သူ့ကို မတရားကြံစည်ပြီးမှ သတ်ဖြတ်လိုက်တယ်လို့ ကျွန်တော်တို့ ယူဆရတယ်ဗျ”ဟု ပြောသည်။

ဘာသာ​ရေးဆရာ ဦးခွန်ဂျော်လီအတွက် ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ချိတ်ဆက်ပြီး အမှန်တရားရရှိရေး လုပ်ဆောင်ရမည်ဖြစ်ကာ ယခုကဲ့သို့ဖြစ်စဉ်များ မဖြစ်ပွားအောင်လည်း ပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်းလည်း ကိုဂျက်​ကော့က ဆိုသည်။

ထိုလုပ်ကြံသတ်ဖြတ်မှုကို မည်သည့်အဖွဲ့က လုပ်ဆောင်ခြင်းဖြစ်ကြောင်း မဇ္ဈိမအနေဖြင့် မသိရှိရသေးပေ။

လမ်းခွကျေးရွာ ဒေသခံတဦးကမူ ဦးခွန်ဂျော်လီအား ရုပ်ဖျက်ထားသည့် လူသုံးဦးက ဆိုင်ကယ်တစီးဖြင့် လာရောက်ပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဆိုသည်။

ဦးခွန်ဂျော်လီသည် နမ္မတီးနှစ်ခြင်းအသင်းတော် (KBC)တွင် တာဝန်ထမ်းဆောင်နေသကဲ့သို့ နမ္မတီးမြို့၏ ကချင်လူငယ်ခေါင်းဆောင် လူ့အခွင့်အရေးတွင် တက်ကြွလှုပ်ရှားသူဖြစ်ကြောင်း KHRW ၏ မတ်လ ၁၈ ရက်နေ့ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)