စစ်မှုထမ်းဥပဒေ ကူညီအသက်သွင်းပေးနေသည့် ဝမ်းတွင်းမြို့ကအုပ်ကြီး ပစ်သတ်ခံရ

Photo – WTRF

007

မဇ္စျိမ။ ။ မန္တလေးတိုင်း မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် သီးကုန်းကျေးရွာတွင် စစ်ကောင်စီ၏ စစ်မှုထမ်းဥပဒေကို ကူညီအသက်သွင်းပေးနေသည့် ကျေးရွာအုပ်ချုပ်ရေးမှူးကို သေနတ်ဖြင့်ပစ်သတ်လိုက်ကြောင်း သတင်းရရှိသည်။

အုပ်ချုပ်ရေးမှူး လက်တိုမောင်ပုဆိုသူကို ဒေသအခြေစိုက်ပြည်သူ့ကာကွယ်ရေးအဖွဲ့တခု ဖြစ်သည့် Wundwin Township Revolution Force-WTRF အဖွဲ့က ယမန်နေ့ မတ်လ ၁၉ ရက်နေ့ ညနေပိုင်းတွင် သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်း ဖြစ်သည်။

“စစ်မှုထမ်းဥပဒေကို ကူညီအသက်သွင်းတယ်၊ ရွာထဲမှာအစည်းအဝေးလုပ်ပြီး သူသိပ်မကြည်တဲ့ လူငယ် သုံးယောက်ကို ဝမ်းတွင်းထွေ/အုပ်ရုံးမှာသွားစာရင်းပေးတယ်၊ အဲဒီကအပြန်မှာ ရင်ဘတ်တည့်တည့်ကို ကျည်ဆန် ငါးတောင့်ပစ်သွင်းလိုက်တာ” ဟု အဖွဲ့၏တာဝန်ရှိသူတဦးက မဇ္စျိမကိုပြော သည်။

၎င်းအား ညနေ ၅ နာရီ ၅၀ မိနစ်အချိန်ခန့်တွင်၊ ဝမ်းတွင်းမြို့နယ် ထွေ/အုပ်ရုံးအနီးကားလမ်းပေါ်တွင် သေနတ်ဖြင့်ပစ်သတ်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါအုပ်ချုပ်ရေးမှူးနှင့်ပတ်သက်၍ ၎င်းသည် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးရာထူးတာဝန်အပြင် စစ်ကောင်စီ၏အရာရှိအဆင့်ရှိ ၎င်း၏သားမက်ဖြစ်သူအားကိုးဖြင့် လက်လုပ်သေနတ်တလက်ကိုင်ဆောင်ကာ သီးကုန်းကျေးရွာအပြင်၊ အနီးဝန်းကျင်ကျေးရွာများမှပြည်သူလူထုကို အနိုင်ကျင့်ဗိုလ်ကျနေသူဖြစ်ကြောင်း၊ ယခုရက်ပိုင်း ဖြစ်ပွားနေသည့် စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေပြဿနာတွင်လည်း စစ်ကောင်စီအလိုကျ အားတက်သရော ကူညီအသက်သွင်းပေးနေသူဖြစ်ကြောင်း ဒေသတွင်းသတင်းများကလည်း ဆိုသည်။

အာဏာသိမ်းစစ်ကောင်စီက တဖက်သတ်အသက်သွင်းထားသည့် ပြည်သူအများစုလက်မခံသော စစ်မှုထမ်းဥပဒေကို ရပ်/ကျေးအုပ်ချုပ်ရေးမှူးများအနေနှင့် လိုက်ပါဆောင်ရွက်ခြင်းမပြုရန် WTRF က သတိပေးကြေညာ ချက်ထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)