စစ်မှုထမ်းဥပဒေ အသက်ဝင်လာစေရန် ကူညီသူများအား ပြင်းထန်စွာ အရေးယူမည်ဟု ရန်ကုန်မြို့ပြပြောက်ကျား သတိပေး

ဧည့်စာရင်းစစ်ဆေးမှုလုပ်ဆောင်နေသည့် စစ်ကောင်စီတပ်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ။ (ပုံ-အဟောင်း)


ရောင်နီ
 
မဇ္ဈိမ။      ။ စစ်မှုထမ်းဥပဒေ အသက်ဝင်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ပူးပေါင်းကူညီနေသူများအား ထိရောက်ပြင်းထန်စွာ အရေးယူမည်ဟု ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့အစည်းများက မတ်လ ၁၉ ရက်နေ့တွင် သတိပေးထုတ်ပြန်သည်။
 
အာဏာသိမ်းစစ်ကောင်စီသည် စစ်မှုမထမ်းမနေရ အမိန့်ကြေညာချက်ကိုပြဋ္ဌာန်းကာ ပြည်သူများ၏ လူသားလုံခြုံမှု (Human Security)ကို ပြောင်ပြောင်းတင်းတင်း ထိပါးကျူးလွန်လုပ်ဆောင်နေသည်ကို တွေ့ရှိရကြောင်း ပြောက်ကျားအဖွဲ့အစည်းများက ပြောသည်။
 
အမိန့်ကြေညာချက် အသက်ဝင်စေရန် နည်းလမ်းအမျိုးမျိုးဖြင့် ပူးပေါင်းကူညီအားဖြည့်ဆောင်ရွက်နေသည့် ဖက်ဆစ်အလိုတော်ရိများ အားလုံးကို အကြမ်းဖက် စစ်ကောင်စီ၏ ခွေးသွားစိတ်ဒေါက်တိုင်များအဖြစ် သတ်မှတ်ပြီး ထိရောက်ပြင်းထန်စွာ အရေးယူမည်ဖြစ်ကြောင်း ဆိုသည်။
 
မည်ကဲ့သို့ အရေးယူဆောင်ရွက်မည်ဆိုသည်ကို ထုတ်ပြန်ချက်တွင် ဖော်ပြထားခြင်းမရှိပေ။
 
သတိပေးချက်ထုတ်ပြန်သည့် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများတွင် ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ (ရန်ကုန်ပကဖ)၊ Yangon Urban Guerrillas (YUG)၊ Yangon UG Association (YUA)၊ Yangon Army (YA)၊ Yangon Guardian Army (Y.G,A) တို့ ပါဝင်သည်။
 
သတိပေးထုတ်ပြန်မှုနှင့် ပတ်သက်၍ အသေးစိတ်မေးမြန်းနိုင်ရန် ရန်ကုန်မြို့ပြပြောက်ကျားအဖွဲ့အစည်းများနှင့် ဆက်သွယ်မှုရရှိရေး မဇ္စျိမက ဆက်လက်စုံစမ်းနေသည်။
 
 စစ်ကောင်စီက ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင်  ပြည်သူ့စစ်မှုထမ်း ဥပဒေကို အတည်ပြုပြဋ္ဌာန်းပြီးနောက် ဥပဒေအသက်ဝင်လာစေရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားနေသည်။
 
ရန်ကုန်မြို့အပါအဝင် မြန်မာနိုင်ငံအတွင်းရှိ မြို့ရွာများတွင် ယခုလ (မတ်လ) အစောပိုင်းမှ စတင်ပြီး စစ်မှုထမ်းဥပဒေအရ အကျုံးဝင်သည့် လူငယ်များကို ရပ်ကွက်အလိုက် စာရင်းကောက်ယူမှုများ ပြုလုပ်ခြင်း၊ အတင်းအဓမ္မစစ်ထဲဝင်ရန် စေခိုင်းခြင်း၊ စစ်ထဲမဝင်ချင်သူများအား ငွေကြေးဖြင့် ညှိနှိုင်းကာ လူစားထိုးဝင်ရောက်ရန် ဆောင်ရွက်ခြင်းတို့ကို စစ်ကောင်စီတပ်နှင့်အုပ်ချုပ်ရေးမှူးများပူးပေါင်းကာ လုပ်ဆောင်လျက်ရှိသည်။
 
ပြည်သူ့စစ်မှုထမ်းဥပဒေအရ စစ်မှုထမ်းဆောင်မည့်သူများအား မြန်မာနှစ်သစ်ကူးကာလပြီးသည့်နောက် ဧပြီလနှောင်းပိုင်းတွင် စတင်ခေါ်ယူမည်ဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)