တံတားဦးတွင် စစ်မှုထမ်းစာရင်းကောက်အဖွဲ့ဝင် ပစ်သတ်ခံရ

မန္တလေးတိုင်းအတွင်းမှ ပြည်သူ့စစ်အဖွဲ့ဝင်များအားတွေ့ရစဉ်

မန္တလေးတိုင်းအတွင်းမှ ပြည်သူ့စစ်အဖွဲ့ဝင်များအားတွေ့ရစဉ်

007

(မဇ္ဈိမ)။ ။မန္တလေးတိုင်း၊ တံတားဦးမြို့နယ် ထန်းလုံးတပ်ကျေးရွာတွင်၊ ယမန်နေ့ မတ်လ ၂၀ ရက်နေ့ နေ့လယ်ပိုင်းက၊ စစ်မှုထမ်းစာရင်းကောက်ယူသည့်အဖွဲ့တွင်ပါဝင်သည့် ကျောင်းဆရာနှင့် ၎င်း၏ဖခင်ဖြစ်သူတို့ သေနတ်ဖြင့်ပစ်သတ်ခံလိုက်ရကြောင်း သတင်းရရှိသည်။

“သားအဖနှစ်ယောက်လုံး ပျူတွေ၊ သားက ကျောင်းဆရာ၊ မူလတန်းပြ၊ စစ်တပ်သတင်းပေးလည်းလုပ်တယ်၊ ဒီရက်ပိုင်းတော့ စစ်မှုထမ်းစာရင်းလိုက်ကောက်တဲ့အဖွဲ့မှာ ကားယားကားယားနဲ့ ဝင်ပါနေတာတွေ့တာပဲ၊ မနေ့ က နေ့လယ်ခင်းကြီးမှာ ဆိုင်ကယ်နဲ့လူနှစ်ယောက်က လာသတ်သွားတာ” ဟု ဖြစ်စဉ်သိရှိသည့် ဒေသခံတဦးက ပြောသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မန္တလေးတိုင်း ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် ထန်းလုံးတပ်ကျေးရွာမှ၊ ကျေးရွာ အထကကျောင်းခွဲ မူလတန်းပြဆရာကိုချစ်ဇော်ဦး(အသက် ၂၆ နှစ်)သည်၊ ယမန်နေ့ နေ့လယ် ၁၂ နာရီ ဝန်းကျင်ခန့်က၊ ရွာလယ်လမ်းအတိုင်း မြောက်ဘက်ကနေ တောင်ဘက်သို့ စက်ဘီးစီးနင်းလာစဉ်၊ ဆိုင်ကယ်တစီးဖြင့်ရောက်လာသည့် အမည်မသိသေနတ်သမားနှစ်ဦးက သေနတ်ဖြင့် ငါးချက်ခန့်ပစ်ခတ်သွားကြောင်း၊ ပစ်ခတ်ခံရမှုကြောင့် ၎င်းသည် အခင်းဖြစ်နေရာတွင်သေဆုံးကြောင်း၊ သေနတ်သမားနှစ်ဦးသည် ကိုချစ်ဇော်ဦး၏ နေအိမ်အထိဆက်လက်သွားရောက်ပြီး၊ ၎င်း၏ဖခင်ဦးဇော်ဝင်းမြင့်(အသက် ၆၁ နှစ်)ကိုလည်း သေနတ်ဖြင့်ပစ်သတ်သွားကြောင်း ဒေသတွင်းသတင်းများအရသိရသည်။

၎င်းတို့နှစ်ဦးအား မည်သည့်အဖွဲ့အစည်းက သတ်ဖြတ်သွားကြောင်း ယနေ့နံနက်ပိုင်းအထိ သတင်းတစုံတရာ ထုတ်ပြန်လာသည်ကို မတွေ့ရသေးသော်လည်း၊ စစ်ကောင်စီ၏စစ်မှုထမ်းဥပဒေကိစ္စတွင် ပါဝင်နေခြင်းကြောင့် သတ်ဖြတ်သွားခြင်းဖြစ်နိုင်ကြောင်း ဒေသတွင်းတော်လှန်ရေးအသင်းအရင်းအမြစ်တဦးက မဇ္ဈိမ၏ဆက်သွယ် မေးမြန်းမှုအပေါ်မှတ်ချက်ပြုသည်။

“အဖေရောသားရောက၊ အခု စစ်ကောင်စီကလုပ်နေတဲ့ စစ်မှုမထမ်းမနေရစနစ်ကို အကောင်ထည်ဖော်နိုင်အောင် စာရင်းလိုက်ကောက်၊ လူလိုက်ခေါ်တာတွေလုပ်ပေးနေတဲ့အပြင် သူတို့ရွာမှာ ပျူအဖွဲ့ ဖွဲ့ဖို့ကိုပါ စည်းရုံးနေတယ်လို့ သတင်းရထားတာတော့ရှိတယ်၊ အဲဒီအတွက်ကြောင့်ဖြစ်မယ်ထင်ပါတယ်” ဟု ၎င်းကဆိုသည်။

မတ်လ ၁၉ ရက်နေ့ညကလည်း ဝမ်းတွင်းမြို့နယ် သီးကုန်းကျေးရွာအုပ်ချုပ်ရေးမှူးလက်တိုမောင်ပုဆိုသူကို Wundwin Township Revolution Force အဖွဲ့က သေနတ်ဖြင့်ပစ်သတ်ခဲ့သည့် ဖြစ်စဉ်တခုဖြစ်ခဲ့သေးပြီး စစ်မှုထမ်းဥပဒေကို ကူညီအသက်သွင်းပေးနေသဖြင့် သုတ်သင်ရှင်းလင်းခဲ့ခြင်းဖြစ်သည်ဟု ၎င်းအဖွဲ့တာဝန်ရှိ သူတဦးက မဇ္ဈိမကိုပြောထားသည်။

စာတည်း – သန့်ဇော်(သန်လျင်)