ညောင်လေးပင်မြို့နယ် ကြာအင်းကြီးရွာ၌ ပျူစောထီးများနှင့် အုပ်ချုပ်ရေးမှူးက အတင်းအကျပ် ငွေကြေးကောက်ခံ

ပဲခူးတိုင်း(အရှေ့ခြမ်း) ပြည်သူ့စစ်လက်နက်တပ်ဆင်ပွဲအခမ်းအနား၊ စက်တင်ဘာ ၁၉ ရက်နေ့ ၂၀၂၃

ဂျူချန်း

(မဇ္ဈိမ)။ ။ပဲခူးတိုင်း၊ ညောင်လေးပင်မြို့နယ်၊ ကြာအင်းကြီးရွာတွင် စစ်ကောင်စီလက်အောက်ခံ ပျူစောထီး များနှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဆောင်ကာ တလလျှင် ကျပ်သိန်း ၅၀ အတင်းအကျပ် ငွေကြေး ကောက်ခံနေကြောင်း ဒေသခံများထံမှ သိရသည်။

ကြာအင်းကြီးကျေးရွာတွင် အိမ်ခြေ ၃၉၀ ခန့်ရှိပြီး ရပ်ရွာလုံခြုံရေးအကြောင်းပြကာ သိန်း ၅၀ ရရှိရန် အတွက် တအိမ်လျှင် ကျပ် ၁၃,၀၀၀ ပေးရပြီး ယခုကဲ့သို့ငွေကြေးကောက်ခံနေသည်မှာ သုံးလရှိပြီဖြစ် ကြောင်း သိရသည်။

ယခုလအတွက် မတ်လ ၂၀ ရက်နေ့က လာရောက်ကောက်ခံသွားပြီး ယင်းသို့ ငွေကြေးကောက်ခံမှုကို အုပ်ချုပ်ရေးမှူး ဦးသန်းနွဲ့၊ အုပ်ချုပ်ရေးမှူးညီဖြစ်သူ ဦးနိုင်ဝင်း၊ ပျူစောထီးဆိုသူ ကိုသိန်းနိုင်ဦး၊ ဦးတင်ကို လတ်တို့မှ ဦးဆောင်ကာ ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း သိရသည်။

“မပေးရင် ညောင်လေးပင်အရှေ့ဖက်က ပုဇွန်မြောင်းရွာလို မီးရှို့ခံရမယ်လို့ပြောတယ်ခင်ဗျ။ ရွာသားတွေ မှာ စားစရာမရှိရတဲ့ထဲ ဒုက္ခတွေရောက်နေတယ်။ အုပ်ချုပ်ရေးမှူးကတော့ အရင်က အိမ်သေးသေးနဲ့ အခု တိုက်ဆောက်နေပြီ” ဟု ဒေသခံတဦးက မဇ္ဈိမကို ပြောသည်။

ကြာအင်းကြီးကျေးရွာအပြင် စစ်ကောင်စီအာဏာသက်ရောက်မှုရှိသည့် ညောင်လေးပင်မြို့အနောက် ဘက်ကျေးရွာများတွင်လည်း ငွေကြေးကောက်ခံလျက်ရှိပြီး အိမ်ခြေအရေအတွက်အလိုက် ကောက်ခံ သည့် ငွေကြေးပမာဏကွာဟမှုရှိကြောင်းဆိုသည်။

“ညောင်လေးပင်မြို့ရဲ့ အရှေ့ဖက်ကရွာတွေကို မကောက်ဘူး။ မြို့အနောက်ဖက်မှာက မြေပြန့်ဆိုတော့ စစ်တပ်က အာဏာပြလို့ရနေသေးတယ်၊ လှုပ်မရဘူးပေါ့။ မြို့ရဲ့ အရှေ့ဘက်မှာဆိုရင် PDF ရှိတယ်၊ စစ်တပ်လည်း မသွားရဲဘူး။ ညောင်လေးပင်နဲ့ ပြွန်တန်ဆာမြို့တွေရဲ့အနောက်ဖက်ခြမ်းကို စစ်တပ်က အာဏာပြလို့ရနေသေးတယ်။ ရွာအုပ်ချုပ်ရေးမှူးတွေ အာဏာပြ ငွေညှစ်လို့ကောင်းတုန်း။ ပြန်ပြောရင် စစ်တပ်နဲ့ရဲကို ခေါ်ဖမ်းခိုင်းတယ်။ သူတို့ကိုထိရင် ရွာပြာကျအောင်လုပ်မယ်လို့ပြောတာ။ အခုလည်း အိမ် ထောင်စုစာရင်း စကောက်နေပြီ။ ရွာကလူငယ်တွေ ရှောင်ပြေးနေကြပြီ” ဟု ဒေသခံက ပြောသည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၃)နယ်မြေ ညောင်လေးပင်မြို့ အရှေ့ဘက်ခြမ်းရှိ ပုစွန် မြောင်း၊ ကွန်းတလကြီး၊ ညောင်ပင်ကြီး၊ ဂွေးကုန်း၊ ကောက်မယ်သူ၊ ရေဖြူကန်ကျေးရွာအုပ်စုနှင့် စစ် တောင်းမြစ်အနီးရှိကျေးရွာအများစုမှာ KNLA နှင့် တော်လှန်ရေးတပ်ဖွဲ့များ၏ လက်အောက်တွင် ရှိသော် လည်း ညောင်လေးပင်မြို့အနောက်ဘက်ရှိ ကြာအင်းကြီး၊ နဘဲပင်၊ ဖိုးတုပ်ပုံ၊ ဇီးကုန်း၊ မယ်ဇလီခင်၊ ပန်း တင်၊ ဆန်းကျောင်း၊ ကျွဲသေမြောင်၊ အမြန်လမ်းဟောင်းနှင့် အမြန်လမ်းသစ်ကြားမှကျေးရွာများတွင် အုပ်ချုပ်ရေးမှူးများက စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင်များနှင့်ပူးပေါင်းကာ ဒေသခံများထံမှ ငွေကြေးကောက်ခံနေခြင်းဖြစ်ကြောင်း ဆိုသည်။

စာတည်း။ ။စောဖေ