ဖမ်းဆီးထိန်းသိမ်းထားသူ သေဆုံးသဖြင့် KNDF တပ်ဖွဲ့၀င် ၂ဦး ထောင်အနှစ် ၂၀ ချမှတ်ခံရ

(မဇ္ဈိမ)။ ။ဖမ်းဆီးထားသူ တဦးအား ထိန်းသိမ်းထားစဉ်‌‌ သေနတ်ဖြင့်ပစ်ခတ်ရာ‌ သေဆုံးသွားသဖြင့် KNDF တပ်ဖွဲ့၀င်နှစ်ဦးကို ထောင်အနှစ် ၂၀ ချမှတ်လိုက်ကြောင်း ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်သည်။

‌ဖေဖော်ဝါရီ ၂၁ ရက် ည ၁၁ နာရီဝန်းကျင်တွင် အသက် ၂၇ နှစ်အရွယ်ရှိ ပီကင်းကောခူရွာတွင် နေထိုင်သူ အရပ်သားတဦးကို ရပ်ရွာအတွင်း မူးယစ်ရမ်းကားမှု စွဲချက်ဖြင့် KNDF တပ်ဖွဲ့၀င်များက ဖမ်းဆီးခဲ့သည်။

ယင်းသို့ ဖမ်းဆီးထိန်းသိမ်းထားစဉ် KNDF တပ်ဖွဲ့ဝင်အချို့က ပေးအပ်ထားသောလက်နက်ကို အသုံးပြုပြီး မလျော်ကန်သော ပစ်ခတ်မှုပြုလုပ်ကာ လူသေမှုဖြစ်ပွားခဲ့သည်ဟု KNDF က ထုတ်ပြန်သည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး ကနဦးစုံစမ်းစစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီး စစ်ဘက်ဆိုင်ရာ အက်ဥပဒေ ပုဒ်မ ၄၉ အရ ပထမအဆင့် ဗျူဟာစစ်ခုံရုံး စစ်ဆေးကြားနာမှုဆောင်ရွက်ခဲ့သည်။

ယင်းနောက် ပုဒ်မ(၄၈)အရ ဗဟိုစစ်တရားရုံးချုပ်ကို ဖွဲ့စည်းပြီး ဥပဒေပြဌာန်းချက်နှင့်အညီ ကျူးလွန်သူ KNDF တပ်သား နှစ်ဦးအား စစ်အက်ဥပဒေ ပုဒ်မ ၂၂ ၊ ၃၀ အရ ထောင်ဒဏ်နှစ် ၂၀ နှင့် တစ်လပြစ်ဒဏ်ခံယူရန် ဗဟိုစစ်ခုံရုံးအဖွဲ့မှ ယနေ့ မတ်လ ၂၄ရက်တွင် ဆုံးဖြတ်ခဲ့သည်ဟု KNDF ကထုတ်ပြန်သည်။

စာတည်း ။ ။ ဖူးသိမ်ကျ