ဗန်းမော်တွင် စစ်ကောင်စီတပ် စခန်း ၃ ခု စွန့်ခွာ တပ်ဆုတ်

ပုံအညွှန်း - စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသော ခလရ (၄၇) တပ်ရင်းစခန်းပုံ

ပုံအညွှန်း – စစ်ကောင်စီတပ်ဖွဲ့ဝင်များ စခန်းစွန့်ခွာသွားသော ခလရ (၄၇) တပ်ရင်းစခန်းပုံ

အဂမ်

(မဇ္ဈိမ)။ ။ ဗန်းမော်ခရိုင်၊ မံစီမြို့နယ်ရှိ တပ်စခန်း သုံးခုကို စစ်ကောင်စီတပ်က ယနေ့ မတ်လ တတိယပတ်အတွင်း စွန့်ခွာကာ တပ်ဆုတ်သွားကြောင်း ရှေ့တန်းရောက် KIA တပ်ဖွဲ့ဝင်ထံက သိရသည်။

နမ့်လင်းပါ၊ လွယ်ခမ်းနှင့် မိုင်းခေါင်ကျေးရွာများမှ စခန်းသုံးခုကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက စွန့်ခွာသွားခြင်းဖြစ်ပြီး လက်ရှိတွင် ထိုစခန်းများကို KIA နှင့် ပူးပေါင်းတပ်က နယ်မြေရှင်းလင်းရေးလုပ်ကာ သိမ်းပိုက်ထားပြီးဖြစ်ကြောင်း သိရသည်။

“ စခန်းသုံးခု၊ သုံးနေရာပေါ့။ တစ်ပြိုင်တည်းလို စွန့်သွားတာဟုတ်တယ်။ တပ်ဆုတ်သွားတဲ့သဘော။ ဒီတပ်ဆုတ်သွားတဲ့ တပ်ဖွဲ့က ကျနော်တို့ ခန့်မှန်းရသလောက်တော့ ဗန်းမော်မှာပဲ စုပေါင်းခံစစ်အနေနဲ့ ပြန်နေကြမှာပဲ ” ဟု KIA သတင်းရင်းမြစ်က ဆို သည်။

ဆုတ်ခွာသွားသည့် စစ်ကောင်စီတပ်ဖွဲ့သည့် ဗန်းမော်မြို့ရှိ အမှတ် (၂၁) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်(စကခ) နှင့် ပူးပေါင်းသွားခြင်းဖြစ်မည်ဟု ၎င်းကဆိုသည်။

စစ်ကောင်စီတပ်က မိုင်းခေါင်ကျေးရွာရှိ တပ်ရင်း ခလရ (၄၇ ) အပါအဝင် တပ်စခန်း သုံးခုကို စွန့်ခွာထွက်ပြေးသွားကြောင်း KPDF တပ်ဖွဲ့ဝင်တဦးကလည်း အတည်ပြုသည်။


မိုင်းခေါင်ကျေးရွာတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ထိုနေရာရှိ စခန်းကို စစ်ကောင်စီတပ်ဖွဲ့ဝင်များက မတ်လ ၂၃ ရက် ညသန်းခေါင်တွင် စွန့်ခွာသွားခြင်း ဖြစ်ကြောင်း သိရသည်။

နမ့်လင်းပါနှင့် လွယ်ခမ်း ကျေးရွာများရှိ စခန်းများမှာ မိုင်းခေါင်စခန်းမစွန့်ခွာမီ ရှေ့ရက်အနည်းငယ်ကပင် ဆုတ်ခွာပြီးဖြစ်ကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စာတည်း။ ။အောင်ကျော်ဖြိုး