မတ္တရာမြို့နယ်တွင် ရွာ ၅ ရွာရှိ လူနေအိမ် ၆၃ လုံးမီးရှို့ဖျက်ဆီးခံရ

မီးရှို့ဖျက်ဆီးခံရသည့်နေအိမ်အချို့အားတွေ့ရစဉ်။(ဓာတ်ပုံ-ရောင်နီနွေဦး)

007

(မဇ္စျိမ)။ ။မန္တလေးတိုင်း၊ မတ္တရာမြို့နယ်တွင်မတ်လ ၂၃ ရက်နေ့က စစ်ကောင်စီတပ်ဖွဲ့က စစ်ကြောင်းထိုးလာကာ ကျေးရွာငါးရွာရှိ လူနေအိမ် ၆၃ လုံးကို မီးရှို့ဖျက်ဆီးသွားသည်ဟု ဒေသခံများထံက သိရသည်။

“တိုက်ပွဲမရှိဘဲလုပ်သွားတာ။ စနေနေ့မနက်ပိုင်းကနေ နေ့လယ်ပိုင်းလေးအတွင်းမှာကို ရွာငါးရွာကို မီးရှို့ဖျက်ဆီးသွားတယ်” ဟု အမည်မဖော်လိုသည့်ဒေသခံတဦးက ပြောသည်။

တိုက်ပွဲတစုံတရာ ဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ပြီး ကျွဲကျကျေးရွာတွင် နေအိမ် နှစ်လုံး၊ ကျွဲတပ်ကျေးရွာတွင် နေအိမ် တ လုံး၊ အုန်းကုန်းကျေးရွာတွင် နေအိမ် သုံးလုံး၊ ကွေ့ကြီးကျေးရွာတွင် နေအိမ် ၁၃ လုံး နှင့် ဆိပ် သာကျေးရွာတွင် နေအိမ် ၄၄ လုံး စုစုပေါင်းနေအိမ် ၆၃ လုံး မီးလောင်ပျက်စီးသွားသည်ဟု သတင်းအရင်းအမြစ်များက ဆိုသည်။

“ဆိပ်သာရွာက အများဆုံးအရှို့ခံရတယ်။ သူက ရွာလည်းကြီးတယ်။ ဒီကောင်(စစ်ကောင်စီတပ်သား)တွေက စစ်ရှောင်နေတဲ့အရပ်သားတွေကိုလည်း လက်နက်ကြီးနဲ့ ပစ်သွားသေးတယ်”ဟု မြေပြင်သတင်းရရှိမှုကို ကိုးကားပြီး တော်လှန်ရေးသတင်း အရင်းအမြစ်တဦးကပြောသည်။

မတ္တရာမြို့နယ်၊ ငါးလုံးပြွန်ကျေးရွာမှ အင်အား ၆၀ခန့်ပါသည့် စစ်ကြောင်း၊ တံငါကျေးရွာမှ အင်အား ၅၀ခန့်ပါ စစ်ကြောင်းနှင့် သဖန်းကိုင်းကျေးရွာမှ အင်အား ၁၀၀ခန့်ပါစစ်ကြောင်းတို့ စစ်ကြောင်းသုံးကြောင်းပေါင်းကာ မတ်လ ၂၃ ရက် နံနက်ပိုင်းမှ နေ့လယ်ပိုင်းအထိ စစ်ကြောင်းထိုးခြင်းဖြစ်သည်ဟု သိရသည်။

အဆိုပါသုံးကြောင်းပေါင်း စစ်ကြောင်းသည် နေ့လယ် ၁ နာရီခန့်တွင် ဆိပ်သာကျေးရွာနှင့် ကျွဲကျကျေးရွာအနီး စစ်ဘေးရှောင်နေသည့် အရပ်သားများရှိရာသို့ လက်နက်ကြီးဖြင့် ပစ်ခတ်သဖြင့် ဆိပ်သာကျေးရွာမှ ဒေသခံငါးဦး လက်နက်ကြီးကျည် ထိမှန်ဒဏ်ရာ ရခဲ့ကြောင်းလည်း သိရသည်။

မန္တလေးတိုင်း မတ္တရာမြို့နယ်တွင် မတ်လ ၂၀ ရက်နေ့ကလည်း ညောင်ပင်သာကျေးရွာမှ နေအိမ် ၁၄ လုံးကို စစ်ကောင်စီ၏စစ်ကြောင်းတခုက မီးရှို့ဖျက်ဆီးသွားသေးသည်။

ထို့အတူ မတ်လ ၁၈ ရက်နေ့တွင်လည်း ရွေးကျေးရွာကို ဝင်ရောက်စီးနင်းပြီး ပရဟိတအသင်းရုံးနှင့်အရပ်သား နေအိမ်တလုံးတို့ကို မီးရှို့ဖျက်ဆီးသွားသည်ဟု သိရသည်။

အဆိုပါဝင်ရောက်စီးနင်းမှုတွင် အသက် ၁၃ နှစ်အရွယ် ကလေးငယ် အပါအဝင်အရပ်သားနှစ်ဦး သေနတ်ကျည်ထိမှန်ဒဏ်ရာ ရခဲ့သည်ဟု ဆိုသည်။

ယနေ့ မတ်လ ၂၆ ရက် နေ့လယ် ၁ နာရီ နောက်ဆုံးရရှိသတင်းအရ မတ္တရာမြို့တွင် တပ်စွဲထားသည့် စစ်ကောင်စီ၏စစ်ကြောင်း တခုသည် အောက်တောင်ကိုင်းကျေးရွာနှင့် ဆောက်ခြုံပေါက် ကျေးရွာတို့ကို ဝင်ရောက်စီးနင်းပြီး ဒေသခံနေအိမ်များအား မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

စာတည်း။ ။ ဖူးသိမ်ကျ