မော်စကို တိုက်ခိုက်မှုက ပါရီအိုလံပစ်ပွဲတော်အတွက် စိုးရိမ်ပူပန်မှုများ မြင့်တက်

Photo: AFP

By PKThawn

လူပေါင်း ၁၃၀ ကျော် သေဆုံးခဲ့ရတဲ့ မော်စကို ပြဇာတ်ရုံပစ်ခတ် တိုက်ခိုက်မှုက ပါရီ အိုလံပစ်ပွဲတော်အတွက် လုံခြုံရေး စိုးရိမ်စရာတွေ တိုးလာခဲ့တာကြောင့် ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ရဲနဲ့ ထောက်လှမ်းရေးတွေ “အသင့်”ဖြစ်နေပါမယ်လို့ တနင်္လာနေ့မှာ ကတိပေးခဲ့ပါတယ်။

ရုရှားနိုင်ငံမြို့တော်မှာ သောကြာနေ့က သွေးထွက်သံယိုဖြစ်မှုတွေအတွက် သူတို့ရဲ့ လက်ချက်လို့ အခိုင်အမာပြောဆိုထားတဲ့ အိုင်အက်စ် (IS)အဖွဲ့ရဲ့ မကြာခဏ ပစ်မှတ်ထားခံရတဲ့ ပြင်သစ်နဲ့အတူ နိုင်ငံရဲ့ အကြမ်းဖက်ခြိမ်းခြောက်မှုအဆင့်ကို ယင်းရဲ့အမြင့်ဆုံးအဆင့်သို့ အစိုးရက တနင်္ဂနွေနေ့မှာ မြှင့်တင်ခဲ့ပါတယ်။

သတ်ဖြတ်မှုတွေရဲ့ နောက်ကွယ်ကရှိနေတယ်လို့ ယူဆရတဲ့ အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန်က ဌာနခွဲတခုဖြစ်တဲ့ ခိုရာစန် (Khorasan)လို့ အသိများတဲ့ အိုင်အက်စ်အဖွဲ့ဟာ ပြင်သစ်ကို တိုက်ခိုက်ဖို့ ကြိုးပမ်းနေတယ်လို့ သမ္မတ အီမန်နျူရယ် မက်ခရွန်က တနင်္လာနေ့မှာ ပြောပါတယ်။

“ဒီသီခြားအဖွဲ့ဟာ ကျုပ်တို့ရဲ့မြေကို တိုက်ခိုက်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်”လို့ မက်ခရွန်က ပြင်သစ်တောင်အမေရိကဒေသ ပြင်သစ်ဂီယာနာကို ရောက်ရှိပြီးနောက် သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဇူလိုင် ၂၆ ရက်မှာ စတင်မယ့် ပါရီအိုလံပစ်ပြိုင်ပွဲဟာ ထင်ရှားတဲ့ အနာဂတ်ပစ်မှတ်ဖြစ်ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျာရဲလ် ဒါမန်နင်က ပြောပါတယ်။

“ပြင်သစ်၊ ကျုပ်တို့တွေဟာ စကြဝဠာတန်ဖိုးတွေကို ကာကွယ်ပြီး လောကဝါဒအတွက် ဖြစ်တာကြောင့်၊ အထူးသဖြင့် အိုလံပစ်ပွဲတော်လိုမျိုး ထူးခြားတဲ့ ပွဲတော်တွေအတွင်း သိသိသာသာ ခြိမ်းခြောက်ခံနေရတယ်”လို့ သူက သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ပြင်သစ်ရဲတွေ၊ အရံရဲတွေ၊ ဒေသဆိုင်ရာ အရာရှိတွေ၊ ထောက်လှမ်းရေးတွေက အဆင်သင့်ဖြစ်နေပါလိမ့်မယ်”လို့ သူက ဆက်ပြောရင်း “ကျုပ်တို့မှာ အလွန်တရာထိရောက်တဲ့ ထောက်လှမ်းရေးစနစ်တခုရှိတယ်။ လစဉ်နီးပါး ဖြစ်လာမယ့် အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားတာတွေကို တားဆီးလိုက်နိုင်တယ်။”လို့ ဆိုပါတယ်။

“မော်စကို တိုက်ခိုက်ခံရမှုရဲ့ ကောက်ချက်အားလုံးကို ဆွေးနွေးဖို့” ကြာသပတေးနေ့မှာ ထောက်လှမ်းရေးဌာနတွေရဲ့ အကြီးအကဲတွေ အစည်းအဝေး ပြုလုပ်မှာဖြစ်ကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

ပြင်သစ်ဝန်ကြီးချုပ် ဂယ်ဘရီရယ် အက်တာလ်က လာမယ့် ရက်ပိုင်းအတွင်း နိုင်ငံတဝှမ်းမှာ စစ်သား ၄,၀၀၀ ထပ်မံ တပ်ဖြန့်သွားမယ်လို့ ဆိုပါတယ်။

“အကြမ်းဖက်ခြိမ်းခြောက်မှုဟာ အမှန်ပါပဲ၊ ဒါဟ ပြင်းထန်ပါတယ်”လို့ သူက သတင်းထောက်များအား ပြောကြားပြီး ဒီနှစ်အတွင်း အကြမ်းဖက်တိုက်ခိုက်ဖို့ စီစဉ်ထားမှု နှစ်ကြိမ်ကို တားဆီးနိုင်ခဲ့ပြီးဖြစ်ကြောင်း ထည့်သွင်းပြောဆိုသွားပါတယ်။

(AFP)